

(ပြည်တွင်း) မတ် ၁၉
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခများ ပေးသွင်းခဲ့သော်လည်း အမှန်တကယ် သွားရောက်လုပ်ကိုင်ခွင့်မရရှိသည့် အလုပ်သမားများမှ တိုင်ကြားလာမှုများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနက စိစစ်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုင်ကြားမှုများကို စနစ်တကျ ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများကို စစ်ဆေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ကာ သက်ဆိုင်ရာ မြို့နယ်ရုံးတာဝန်ခံများကို အဖွဲ့ဝင်အဖြစ် ပါဝင်စေခဲ့သည့်အပြင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ ကိုယ်စားလှယ်တစ်ဦးပါဝင်စေ၍ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့များသည် တိုင်ကြားသူ အလုပ်သမားများ၊ တိုင်ကြားခံရသည့် အေဂျင်စီများ သို့မဟုတ် ပွဲစားများအား ခေါ်ယူ၍ သုံးပွင့်ဆိုင်စနစ်ဖြင့် မျက်နှာစုံညီ တွေ့ဆုံကာ အချက်အလက်များကို စိစစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခပေးသွင်းခဲ့သည့် မတင်နီလာဌေးပါ ၃ ဦးနှင့် မောင်တင်ဇော်မိုး၊ မဇင်နွယ်အောင်နှင့် မောင်သန်းဇော်ဦးတို့က သွားရောက်နိုင်ခြင်းမရှိသဖြင့် ဝန်ဆောင်ခများ ပြန်လည်ရရှိရေးအတွက် Su Latt Myint Mo Services Co., Ltd ကို အရေးယူပေးရန် တိုင်ကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စစ်ဆေးရေးအဖွဲ့မှ စိစစ်ရာတွင် Su Latt Myint Mo Services Co., Ltd သည် အလုပ်သမားများထံမှ ဝန်ဆောင်ခများ လက်ခံရယူထားသော်လည်း မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိခဲ့သည့်အပြင် လက်ခံထားသည့် ငွေကြေးများကို ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် အဆိုပါကုမ္ပဏီ၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်အား ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်၍ ရာသက်ပန်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် အလုပ်သမားများအား ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုကာ ငွေကြေးများ လိမ်လည်ကောက်ခံခဲ့သည့် အခြားတိုင်ကြားမှုအမှုတွဲတစ်ခုတွင်လည်း Su Latt Myint Mo Services Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်လားရှမ်းထန်းနီး ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆၊ အမှုအမှတ် (ပ) ၃၅/၂၀၂၆ ဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိတွင် တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၏ ပြောကြားချက်အရ နစ်နာသူအလုပ်သမားများအနေဖြင့် မိမိတို့ပေးသွင်းထားသည့် ဝန်ဆောင်ခများကို အေဂျင်စီများ သို့မဟုတ် ပွဲစားများထံမှ ပြန်လည်တောင်းခံ၍ မရရှိပါက တရားဝင်အေဂျင်စီများမှ လက်ခံရယူထားသည့် ငွေကြေးများကို ပြန်လည်ပေးအပ်စေရေးအတွက် စစ်ဆေးရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နစ်နာသူအလုပ်သမားများအနေဖြင့် ကိုယ်တိုင် သက်ဆိုင်ရာတရားရုံးများတွင် ငွေကြေးပြန်လည်ရရှိရန် တရားမမှုများ ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ကြောင်းလည်း အသိပေးထားသည်။
အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ အခက်အခဲများနှင့် တိုင်ကြားမှုများကို ဆက်လက်လက်ခံကာ နစ်နာမှုမရှိစေရေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကူညီဖြေရှင်းပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။