KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး/ထိခိုက်ဒဏ်ရာရရှိ

(ပြည်တွင်း)မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့၌ KNUနှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၇ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးကျေးရွာနေ ဦးဇော်ဇော်(၄၅) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦး(၃၉)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
   
အလားတူ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ် ၅ ရက် နံနက် ၆ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေသူများဖြစ်ကြသည့် ဦးရဲပိုင်ထွန်း(၃၀)နှစ်နှင့် ဒေါ်နွဲ့နှောင်း(၅၀)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် KNU အကြမ်း ဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အထက်ပါဖြစ်စဉ်များတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။