
(ပြည်တွင်း) မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၂) ရပ်ကွက်ပုဂံလမ်းမကြီး၊ (၁၂)ဈေးအနီးတွင် ရန်ဖြစ်နေသည့်အဖွဲ့အား ဝင်ရောက်ဖြေရှင်းပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးအား ရန်ဖြစ်သည့်အဖွဲ့ မှကားဖြင့် ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၁၀နာရီခွဲအချိန်က ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ဦးသည် (၁၁) ရပ်ကွက်တွင် ဧည့်စာရင်းစစ်ဆေးပြီး ပုဂံလမ်းမကြီးအတိုင်း ဆိုင်ကယ်များဖြင့် လှည့်ကင်းဆက်လက်ဆောင်ရွက်စဉ် ရွှေပေါက်ကံမြို့သစ်၊ (၁၂)ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီး၊ (၁၂) ဈေးထိပ်အရောက်တွင် အမည်မသိလူ (၁၀) ဦးခန့်မှ တုတ်များဖြင့် ရန်ဖြစ်နေကြသည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်ဖြေရှင်းပြီး ဆေးစာယူရန်နှင့် ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်တိုင်ကြားရန် စေလွှတ်နေစဉ် ၎င်းရန်ဖြစ်သည့်အဖွဲ့မှ Toyota Ace အမျိုးအစား ခဲရောင်ယာဉ်အား မောင်းနှင်သည့် ယာဉ်မောင်း မြတ်ကို၊ ၃၄ နှစ်၊ (ဘ) ဦးကြင်ခရမ်း၊ အမှတ်(၁၈၃)၊ ကုန်းဘောင်(၂)လမ်း၊ (၁၄) ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ် နေသူမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းတာဝန်ဆက်လက်ဆောင်ရွက်မည့် လူံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးအား နောက်မှ မော်တော်ယာဉ်ဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးစလုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသလျက်ရှိရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ရရှိသောဒဏ်ရာများဖြင့် ယနေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်တွင် တရားခံ ယာဉ်မောင်း မြတ်ကိုအား အမှုဖွင့်ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။