ယူအေအီးရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက သံရုံးသို့ ဆက်သွယ်နိုင်

(ပြည်တွင်း) မတ် ၁၀

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော လက်ရှိစစ်ရေးအခြေအနေများကြောင့် ယူအေအီးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနက် မိမိနေရပ်သို့ ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်အသိပေးလိုက်သည်။

မြန်မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် ယူအေအီး မြို့ပြလေကြောင်းအာဏာပိုင်တို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို မတ်လ ၆ ရက်နေ့မှစတင်၍ ပျံသန်းပြေးဆွဲခွင့် ရရှိခဲ့ကြောင်း သိရသည်။

လေကြောင်းခရီးစဉ် ပျံသန်းမည့် အစီအစဉ်များမှာ မတ်လ ၈ ရက်၊ ၁၁ ရက် နှင့် ၁၃ ရက်များတွင် MAI လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အခြားသော လေကြောင်းလိုင်းများအနေဖြင့်လည်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်သို့ ပြန်လည်ထွက်ခွာလိုသော မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများမှ လေယာဉ်လက်မှတ် ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ရှိခဲ့ပါက သံရုံးသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ စီစဉ်ပေးရခြင်းမှာ ဒေသတွင်း မတည်ငြိမ်သော အခြေအနေများကြားတွင် မိမိနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးနှင့် နေရပ်ပြန်ရေးကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။