KNU / PDF များ၏ ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားတစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

(မှုခင်း)ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ KNU နှင့် PDF အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနေ ကိုပိုက်အောင်(၂၂)နှစ်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်တောင်ကျေးရွာမှ ညောင်ဇင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် ရန်တောင်ကျေးရွာအထွက်၌ KNU နှင့် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်နေ ဦးကျော်မင်းစိုး(၃၉)နှစ် မောင်းနှင်ပြီး ဦးစောတေးတေးဖိုး(၃၀)နှစ်နှင့် ကိုခန့်ဇင်နိုင်(၂၃)နှစ်တို့ လိုက်ပါလာသည့် ခြောက်ဘီးကုန်တင်မော်တော်ယာဉ်သည် ကြက်စာများတင်ဆောင်၍ ထားဝယ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ ထွက်ခွာလာစဉ် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာအနီးအရောက်၌ KNU နှင့် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်မင်းစိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစောတေး၊တေးဖိုးနှင့် ကိုခန့်ဇင်နိုင်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

KNUနှင့် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနေ ကိုပိုက်အောင်နှင့် ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်နေ ဦးစောတေးတေးဖိုး(၃၀)နှစ်နှင့် ကိုခန့်ဇင်နိုင်(၂၃)နှစ်တို့မှာ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံတွင်ဆေးဝါးကုသနေ ကြောင်း သိရသည်။