
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၀
နိုင်ငံနဲ့ ပြည်သူအတွက် ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုတွေ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသားပြည်သူတွေက အားလုံးပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်ယာယီသမ္မတက (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ တိုက်တွန်းထားပါတယ်။
ယနေ့အချိန်တွင် ချင်းပြည်နယ်ရဲ့ နေရာဒေသအချိုအပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုတွေ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းဟာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှတယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား နှစ်ပေါင်းထောင်နဲ့ချီကာ ဖြစ်တည်လာခဲ့တဲ့ သံယောဇဉ်နဲ့ ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိကြတဲ့ ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့ အချင်းချင်းမုန်းတီးစေဖို့ သွေးခွဲရန်တိုက်ပေးမှုတွေ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုတွေကို အထူးသတိပြု ကာကွယ်ကြဖို့ လိုအပ်တယ်လို့လည်း (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာမှာ နိုင်ငံတော်ယာယီသမ္မတကပြောဆိုထားပါတယ်။
ယခု ကြုံတွေ့နေရတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှု ရလဒ် ပယ်ဖျက်ခံရတဲ့အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်တပ်မက်တဲ့ ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုတွေက စတင်ခဲ့တာလို့လည်း ဆိုပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူတို့အပေါ် သဘောထားမမှန်ကန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ကလည်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနဲ့အာဏာ ချဲ့ထွင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ထိုဖြစ်စဉ်တွေကြောင့် ချင်းပြည်နယ် အပါအဝင် ဒေသအသီးသီးမှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာတွေသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရတာဟာ အားလုံးအသိပင်ပဲဖြစ်တယ်လို့ ယာယီသမ္မတကပြောဆိုထားပါတယ်။
လက်နက်ကိုင်အကြမ်းဖက်မှုတွေရဲ့ ဆိုးကျိုးကို လက်တွေ့ခံစားနေရတာဟာ ဒေသခံတိုင်းရင်းသား ပြည်သူတွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မှန်သမျှဟာလည်း နိုင်ငံတော်ရဲ့ အရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံတွေပင် ဖြစ်သလို တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန် ရရှိနေတဲ့အခြေအနေမှာ ယခုလို မဆင်မခြင် လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံရဲ့အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနဲ့ အချိန်ယူ တည်ဆောက်ကြရမည်ဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတက (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာနဲ့ပြောဆိုထားပါတယ်။