ပုဂ္ဂလိက (Private Cinema) ရုပ်ရှင်ရုံတွေကို လိုင်စင်ပြန်သိမ်းပြီး တရားမဝင် ပြသနေမှုကို အရေးယူမည်

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၀

မကြာသေးမီကာလများအတွင်း အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ (Projector) နှင့် တီဗီ များကို အသုံးပြု၍ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema) ကို ဟိုတယ်နှင့် တည်းခိုခန်းများကဲ့သို့ အခန်းကန့်ကာ ဖွင့်လှစ်လာကြသည်ကို တွေ့ရှိရသည်ဟု ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ အသိပေးကြေညာထားကြောင်း သိရသည်။

ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema) ဖွင့်လှစ်ခြင်းရာမှာ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကော်မတီမှစိစစ်တွေ့ရှိသိရသည့်အတွက် ရုပ်ရှင်ရုံငယ်များအတွက် ပြသခွင့်လိုင်စင်များ ထုတ်ပေးထားမှုရှိပါက ချက်ချင်း ရုပ်သိမ်းသွားရန်နဲ့ တရားမဝင် ပြသနေမှုများကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင်း သိရသည်။

ဆက်လက်စိစစ်ဆောင်ရွက်မှုများအရ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema နှင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော ပုဂ္ဂလိကရုပ်ရှင်ရုံများသည် ဆင်ဆာမဲ့ ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင် ဆက်လက်ဖွင့်လှစ်လျက်နေသည်ဟုဆိုသည်။

ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီအနေဖြင့် အသိပေးကြေညာအပ်ထားပြီး လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်းနှင့် ဆင်ဆာမဲ့ဇာတ်ကားများ ပြသခြင်းများမပြုလုပ်ရန် ဆက်လက်ပြုလုပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်‌ရေးဗဟို‌‌ကော်မတီမှအသိပေးထားကြောင်း သိရသည်။