အချို့ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကိုပင် အလေးမပြုကြသူရှိတာကို စိတ်မကောင်းဖြစ်ဖွယ်ကြားသိနေရတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၄

ဆိုရှယ် မီဒီယာပလက်ဖောင်းတွေမှာဖော်ပြချက်တွေအရ အချို့ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို အလေးမပြုကြသူတွေနဲ့ နိုင်ငံတော်သီချင်းသီဆိုခြင်းမရှိကြသူတွေတောင် ရှိကြတယ်လို့စိတ်မကောင်းဖြစ်ဖွယ်သိရှိရပြီး အခုလိုအပြုအမူတွေကိုကြည့်ခြင်း အားဖြင့် နိုင်ငံသားတွေအနေနဲ့ တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေတာ ကိုတွေ့ရတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းကို နိုင်ငံသားတွေအားလုံးအနေနဲ့ အလေးအနက်နဲ့ အလေးအမြတ်ထားဖို့လိုသလို တိုင်းချစ်ပြည်ချစ်စိတ်တွေရှိဖို့လိုပြီး တိုင်းချစ်ပြည်ချစ်စိတ်တွေရှိဖို့လိုတယ်လို့လည်းပြောပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို video conferencing နဲ့ အမှာစကားပြောကြားရာမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းချစ်ပြည်ချစ်စိတ်မှာ နိုင်ငံသားနဲ့ပတ်သက်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ နိုင်ငံ့ ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဆိုပြီး ခွဲခြားနိုင်သလို၊ နိုင်ငံသားတိုင်းအနေနဲ့ နိုင်ငံတော်ရဲ့ ဖြစ်တည်မှုပထဝီဝင်အနေအထားတွေနဲ့ အမျိုးသား ရေးစရိုက်လက္ခဏာတွေ၊ နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ အမျိုးသားရေးလက္ခဏာတွေ၊ အထိမ်းအမှတ်တံဆိပ်တွေ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတွေအပါအဝင် အထွတ် အမြတ်ထားရမှာတွေကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး မိမိတို့နိုင်ငံရဲ့ ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိဖို့လိုအပ်ပြီး၊ မိမိတို့နိုင်ငံရဲ့သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ လူပုဂ္ဂိုလ်စွဲရှိကြတာကိုလည်းတွေ့ရသလို လူပုဂ္ဂိုလ်ကိုအစွဲပြုကာ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြုကာ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်နဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေရှိဖို့လိုတယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။