(ပြည်တွင်း) စက်တင်ဘာ ၃၀

အဏုမြူစွမ်းအင်အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတပူတင်နဲ့ ကာဇက်စတန်နိုင်ငံ သမ္မတတို့ရဲ့ဖိတ်ကြားချက်တွေအရ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ အလုပ်သဘောခရီးသွားရောက်ခဲ့ပြီး နေပြည်တော်လေဆိပ်ကို ပြန်လည်ရောက်ရှိချိန်မှာ မီဒီယာတွေရဲ့မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။
နျူကရီးယားစက်ရုံနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိသလို ယခင်နှစ်ကတည်းက MoU ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာရှိတယ်လို့ ပြောပါတယ်။
“အဓိကကတော့ ကျွန်တော်တို့က ပထမဦးဆုံးအဏုမြူစွမ်းအင်အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့ အတိုင်းပဲ။ ကျွန်တော်တို့ဟိုမှာ World Atomic Week Forum လုပ်နေ တဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုးရှိတယ်။
ဒီအဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင်ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည် တည်ငြိမ်တဲ့လျှပ်စစ်ကိုပေးနိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်”လို့ မီဒီယာတွေရဲ့မေးမြန်းချက်အပေါ် အခုလိုဖြေကြခဲ့တာဖြစ်ပါတယ်။
နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုတဲ့နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)နဲ့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ စက်တင်ဘာ ၂၆ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိ လိုတယ်ဆိုတာကို အားလုံးက သိပြီးဖြစ်လိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည်ငြိမ်တဲ့လျှပ်စစ် စွမ်းအင်ရရှိဖို့ အရေးကြီးတယ်။ ဥပမာ- ဆိုလာကနေ လျှပ်စစ်ရမယ်။ လေကနေ လျှပ်စစ်ရမယ်။ ပြီးရင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေ လျှပ်စစ်စွမ်းအင်တွေရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အမျိုးစုံပေါင်းပြီးတော့ ဆောင်ရွက်ရတာဖြစ်တယ်။ ဥပမာ ဆိုလာလျှပ်စစ်စွမ်းအင်ဆိုရင် ညဘက်မှာ မရနိုင်တော့ဘူး။ Wind Power လေစွမ်းအင်ဆိုတာလည်း လေတိုက်ခတ်မှုလျော့နည်းတဲ့အချိန်မှာ မရနိုင်တော့ဘူး။
ဒီအချိန်မှာ နိုင်ငံတစ်နိုင်ငံလုံးမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေ အားလုံးက အသုံးပြုပြီးတော့ လိုတဲ့စွမ်းအင်ကို ဒီဘက်စွမ်းအင်က ဖြည့်မယ်။ ဟိုဘက်က လိုတဲ့စွမ်းအင်ကို ဒီဘက်ကနေ ဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေ လိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတော်ယာယီသမ္မတရဲ့ ရုရှခရီးစဥ်တစ်ခုအပြီး ဖေဖော်ဝါရီလမှာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန် ရည်ရွယ်ချက် သဘောတူညီမှုစာချုပ်တစ်ခုကို မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုရှကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ဖူးတယ်လို့ သိရပါတယ်။
အခုလို ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့အနေနဲ့ ဒီစွမ်းအင်သည်လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုက ကြီးကောင်းကြီးမယ်။ နောက်ပိုင်းမှာတော့တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှုရစေနိုင်တယ်။
ဒါကတော့ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်တဲ့အပိုင်းပါ။ နံပါတ်နှစ်အပိုင်းကတော့ ဒီဟာကို ဆောင်ရွက်တဲ့နေရာမှာ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိတွေ့လာမယ်။
Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး သုတေသနပြုမှုတွေ၊ ဆေးဝါးဆိုင်ရာသုတေသန၊ ကျန်တဲ့သုတေသနတွေအားလုံးကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ဒါသည် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လုပ်ဆောင်ရမယ့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ အသိပေးလိုပါတယ်”လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ၂၄ နာရီ လျှပ်စစ်မီးပုံမှန်မရရှိနေသေးသလို စက်ရုံအလုပ်ရုံတွေကိုလည်း ပုံမှန်မီးမပေးနိုင်ပဲ အလှည့်ကျစနစ်နဲ့ ဓာတ်အားပေးနေရဆဲဖြစ်ပါတယ်။