
(နိုင်ငံတကာ) ဇူလိုင် ၂၆
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခကိုဖြေရှင်းရာတွင် ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ က ကြားဝင် ဖျန်ဖြေသည့်နိုင်ငံအဖြစ် ပါဝင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများလည်းဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ပြန်လည်ပေါင်းစည်းရေးကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကျွမ်က ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ထို့ကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိ ဖြစ်ပွား နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ က ကြားဝင်ဖျန်ဖြေပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း အရှေ့တောင်အာရှလေ့လာမှုများဆိုင်ရာအင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ပေါချိန်းဘား က ပြောကြားခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိအခြေအနေတွင် ကမ္ဘောဒီးယားနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်လည်း မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေ သောကြောင့် ယခုကဲ့သို့သော အနေအထားတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေလာနိုင်ကြောင်း ချိန်းဘား က ပြောကြားသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံ အကြား တင်းမာမှုများဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါတင်းမာမှုများသည် ကြီးမားပြင်းထန်သည့် ပဋိပက္ခ တစ်ရပ်အဖြစ် ပြောင်းလဲသွား နိုင်ကြောင်း ထိုင်းနိုင်ငံ က ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားသည့် ပဋိပက္ခနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲထားပြီး ၎င်းတို့၏ပဋိပက္ခအား ကြားဝင်ဖြေရှင်းပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထားသည်။
နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများသည် ဇူလိုင်လ ၂၅ ရက်အစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီးနောက် ထိုင်းလေတပ်မတော် က ၎င်းတို့၏ F-16 တိုက်လေယာဉ်များကို ကမ္ဘောဒီးယား စစ်စခန်းများကို တိုက်ခိုက်ရန်အတွက် နယ်စပ်ဒေသတွင် ဖြန့်ကြက်လိုက်သည်။
အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့် ထိုင်းနိုင်ငံအတွင်း၌ အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ထိုင်းနှင့်ကမ္ဘောဒီးယားအစိုးရအဖွဲ့များက နှစ်နိုင်ငံ နယ်စပ်ဒေသရှိဒေသများမှ ပြည်သူများအား ဘေးကင်းရာ သို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား တင်းမာမှုများနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာ ဟင်သည် ထိုင်းနှင့်ကမ္ဘောဒီးယားအစိုးရအဖွဲ့များကို ဆက်သွယ်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN