မြေရှားသတ္တုများကိုခိုးထုတ်ရန် ပြည်ပသူလျှိုအဖွဲ့များ ကြိုးပမ်းနေကြောင်း တရုတ်အစိုးရပြောကြား

(နိုင်ငံတကာ) ဇူလိုင် ၁၉

တရုတ်နိုင်ငံ၏ မြေရှားသတ္တုများကို ခိုးထုတ်ရေးအတွက် ပြည်ပနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့အစည်း များက ကြိုးပမ်းနေကြောင်း တရုတ်အစိုးရ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြေရှားသတ္တုများကို ထုတ်ယူရေးအတွက် ပြည်ပသူလျှိုအဖွဲ့အစည်းများက တရုတ်ပြည် တွင်းရှိ ဒုစရိုက်သမားများနှင့် ပူးပေါင်းကြံစည်နေကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်ရေး နယ်ပယ်အတွင်းသို့ ပြည်ပသူလျှိုအဖွဲ့အစည်း များနှင့် ထောက်လှမ်းရေးသမားများ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးနှိမ်နင်းမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ကတိပြုထားကြောင်း သိရသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္တုများကို ခိုးထုတ်ရန် ကြံစည်နေသည်ဆိုသော ပြည်ပသူလျှို အဖွဲ့အစည်းများကို တရုတ်အစိုးရ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အမည်နာမနှင့်တကွ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ မြေရှားသတ္တုများကို တတိယနိုင်ငံများမှတစ်ဆင့် တရုတ်အစိုးရ၏ပို့ကုန် ကန့်သတ်ချက် များကို ရှောင်ရှား၍ နိုင်ငံတစ်နိုင်ငံက ရယူရန်ကြိုးပမ်းနေမှုကို မိမိတို့ထောက်လှမ်းတွေ့ရှိထားကြောင်း တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး မူဝါဒများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသို့ မြေရှား သတ္တုများ တင်ပို့မှုကို တရုတ်အစိုးရက ပိတ်ပင်ထားကြောင်း သိရသည်။