ဆင်သွားရင် လမ်းဖြစ်တယ်Trump ဆိုတော့ ပန်းခင်းလမ်းဖြစ်

(ဆောင်းပါးကဏ္ဍ) ဇွန် ၄
နေဇင်လတ်

      အိမ်ဖြူတော်ဝင်ကာစမှာ တစ်လောကလုံးက ထရမ့်ကိုဝိုင်းဝေဖန်ကြတယ်။ ဝန်ကြီးဌာနတွေရော၊ လုပ်ငန်းရှင်တွေရော၊ Wall St. ရော၊ ဘဏ်လုပ်ငန်းရှင်တွေရောပါမကျန်ဘူး။ NATO ကလည်း ထရမ့်ကို မယုံကြည်တော့သလို၊ EU ကလည်း ထရမ့်ကို “ အော့ နှလုံးနာ” ကုန်ကြတယ်။ပြည်သူတွေက ဆန္ဒပြခဲ့ကြသလို၊ အစ္စလာမ်နိုင်ငံတွေကလည်း ထရမ့်ကို လုံးဝမကျေနပ်ကြဘူး။ ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်တွေအရေးမှာအမေရိကန်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့်ရော၊အီရန်ကို စစ်တိုက်မယ်တကဲကဲ လုပ်နေတာရောကြောင့် အစ္စလာမ်ကမ္ဘာကမကျေနပ်ကြဘူး။ ဆော်ဒီကဆိုရင် အမေရိကန်နဲ့ ခပ်ခွာခွာနေလာပြီ။ USလက်နက်တွေအစား ရုရှားနဲ့ တရုတ်လက်နက်တွေအစားထိုး ဝယ်လာတဲ့အထိဖြစ်လာတယ်။

      အိန္ဒိယ -ပါကစ္စတန်စစ်ဖြစ်စဉ်မှာ အမေရိကန်က အိန္ဒိယဘက်ကဆိုတော့ အစ္စလာမ်နိုင်ငံတွေရဲ့ မကျေ နပ်မှုက အထွတ်အထိပ်ကိုရောက်ကုန်ကြပါလေရော။ ဒါတွေအားလုံးကို ၁၃- ၅- ၂၅ ဆော်ဒီခရီးစဉ်က ချေ ဖျက်ပစ်လိုက်တာ အားလုံးအံ့သြကုန်ကြပါတယ်။

ခါရှော်ကီ၊ ဆော်ဒီ၊ အမေရိကန်

      အရင်က အမေရိကန်-ဆော်ဒီ ဆက်ဆံရေးကောင်းခဲ့တယ်။ နန်းတော်နဲ့ အလွန်ရင်းနှီးခဲ့တဲ့ ခါရှော်ကီက နန်းတော်ကိုပြန်ဆန့်ကျင်ပြီး အတွင်း ရေးတွေ ရေးလာတဲ့အခါမှာ အိမ်ရှေ့မင်းသား MBS နဲ့ ခါရှော်ကီတို့က လုံးဝရန်သူတွေဖြစ်ခဲ့ကြပါတော့တယ်။တစ်ရက်မှာ ခါရှော်ကီအသတ် ခံလိုက်ရတယ်။ MBS က လုပ်ကြံသတ်ဖြတ်ခိုင်းတာဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ထွက်လာတော့ အမေရိကန်က ဆော်ဒီမင်းသားအပေါ်အရေးယူပိတ်ဆို့မှုတွေလုပ်ရင်း ဆော်ဒီ – အမေရိကန်အနေဝေးကုန်ကြတော့တယ်။

     အရှေ့အလယ်ပိုင်းဒေသဟာ တစ်ချိန်က အတော်ဆင်းရဲခဲ့တယ်။ သဲကန္တာရကြီးထဲမှာ ကုလားအုပ်တွေစီးပြီး စွန်ပလွံသီးကိုသာအားထားရတဲ့ နိုင်ငံတွေလို့ တင်စားရင်ရပါလိမ့်မယ်။ ရုတ် တရက် ရေနံတွေ့ပြီး ချမ်းသာလာခဲ့ကြတယ်။ချမ်းသာပေမယ့် ပညာနည်းပါးတဲ့အခါကျတော့ ရသမျှငွေတွေ အကျိုးမရှိတဲ့နေရာမှာသုံးပြီးကုန်သွားတယ်။ နောက်ပိုင်းကျတော့ အမေရိကန်မှာ ကျောင်းတက်ပြီး ပြန်လာကြတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံက နောက်မျိုးဆက်တွေက စီးပွား ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးတွေမှာ “အပါးဝ” လာခဲ့ကြတော့တယ်။ အိမ်ရှေ့မင်းသား MBS တို့ မျိုး ဆက်မှာ ပညာတတ်တွေဖြစ်လာခဲ့ကြပါပြီ။

      အရင်က ရေနံစိမ်းသက်သက်ကိုသာ ရောင်းတဲ့ ဆော်ဒီဟာ “Aram co” ဆိုတဲ့ ရေနံချက်စက်ရုံကြီးကို တည်ထောင်ပြီးတန်ဖိုးမြင့်ပစ္စည်းတွေထုတ်၊ ကမ္ဘာကြီးကိုပြန်ရောင်းချနိုင်တဲ့ အဆင့်ဖြစ်လာတယ်။ ကမ္ဘာ့တန်ဖိုး အကြီးဆုံးကုမ္ပဏီ “Trillion Company” ထဲမှာ ပါလာရတဲ့အဆင့် ဖြစ်လာခဲ့ပါတယ်။

      အရှေ့အလယ်ပိုင်းအားလုံးနီးပါးက အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။ လူဦးရေလျင်မြန်စွာတိုးပွားလာတဲ့အတွက် ခရစ်ယာန်ဘာသာဝင်အများဆုံးဖြစ်တဲ့ အနောက်အုပ်စုကစိုးရိမ်လာတယ်။သမိုင်းတစ်လျှောက်မှာလည်း နှစ်ပေါင်း “ရာ” ချီကြာရှည်ခဲ့တဲ့ “ခရစ်ယာန်-အစ္စလာမ်” Crusade War ခရူးဆိတ်ဘာ သာရေးစစ်တွေဖြစ်ထားတာရှိလေတော့ အနောက် အုပ်စု စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ လူဦးရေပေါက်ကွဲမှုနှုန်းနဲ့ မျိုးပွားနေလို့ စိုးရိမ်နေရတဲ့အထဲမှာ ရေနံထွက် နိုင်ငံတွေ ကျိကျိတက်ချမ်းသာလာကြပြန်တော့ ပိုပြီးစိုးရိမ်စရာ ဖြစ်လာခဲ့တယ်။

      အနောက်အုပ်စုကို ဦးဆောင်နေတဲ့ အမေရိကန်မှာ တာဝန်ရှိလာပါတယ်၊ ဒီလိုနဲ့ New World Order ဆိုတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်ကို အရှေ့အလယ်ပိုင်းဒေသအခြေခံထားပြီး မဟာဗျူဟာရေးဆွဲအကောင်အထည် ဖော်တဲ့ အဆင့်ဖြစ်ခဲ့တယ်။ ၉-၁၁ကို အကြောင်းပြုပြီး အာဖဂန်၊ အဲ့ဒီကတစ်ဆင့် လစ်ဗျား၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားစတဲ့ အင်အားတောင့်တဲ့နိုင်ငံတွေကို ပြည်တွင်း စစ် ဖြစ်အောင်လုပ်၊ သေကျေပျက်စီးပြီး အင်အားချည့်နဲ့စေခဲ့တယ်။ မိတ်ဆွေနိုင်ငံတချို့ကိုပဲ ချန်ထားပြီး အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံးကို ပြည်တွင်းစစ်ဖြစ်စေတဲ့ ဗျူဟာနဲ့နေလည်းကုန်၊ လူအင်အားလည်း လျော့ကျစေတဲ့မဟာဗျူဟာဖြစ်ပါတယ်။

      ခါရှော်ကီအသတ်ခံရမှုနဲ့ ပတ်သက်ပြီးမင်းသား MBS အပေါ် အမေရိကန်က Sanction ချမှတ်တော့ ဆော်ဒီ – အမေရိကန်အနေစိမ်းသွားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ ရုရှားရဲ့လက်နက်တွေကို ဆော်ဒီက အစား ထိုးဝယ်ယူပြီး ဆော်ဒီ – ရုရှားဆက်ဆံရေးစတင်တည်ဆောက်နိုင်ခဲ့တယ်။နောက်ပိုင်း အာဖရိကတိုက်မှာ အင်အားကောင်းထားတဲ့ တရုတ်ကလည်း အရှေ့အလယ်ပိုင်းကိုဆက်ဆံ ရေးတည်ဆောက်ဖို့ ဝင်လာပါတော့တယ်။ အတော်အတန်တောင်မှာ ခရီးရောက်သွား
ခဲ့ကြပါပြီ။

အရေးကြုံရင် အစ္စလာမ်ကမ္ဘာပဲ

      အစ္စလာမ်ဘာသာမှာလဲ ဆွန်နီနဲ့ ရှီအိုက်က ရန်သူတွေပါ။ အီရန်က ရှီအိုက်ဖြစ်ပြီး ဆော်ဒီက ဆွန်နီအုပ်စုဝင်ဖြစ်လို့ အဆင်မပြေကြပါ။ ဒါပေမဲ့ အစ္စရေးကိုတော့ ဘယ်သူကမှ မရှိစေချင်ကြပါဘူး။ အစ္စရေး – အီရန်က ကြက်ခေါင်းဆိတ်မခံတွေဖြစ်နေကြလေတော့ အစ္စရေး – ဆော်ဒီဆက်ဆံရေးက သိပ်မဆိုးလှတဲ့ အခြေအနေမျိုးရှိနေတယ်။ ဒါပေမဲ့လည်း Islam Worldကို “ထိ” မယ်ဆိုရင်တော့ ဆွန်နီ – ရှီအိုက်တို့က ပြန်လည်ပေါင်းစည်းပြီး ရန်သူကိုပူးပေါင်းတိုက်ခိုက်ကြမယ့်သဘောတော့ရှိနေပါတယ်။

      အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ အစ္စလာမ်တွေအပေါ်ထားတဲ့ သဘောထားအမှန်ကိုသိလာတဲ့ အရှေ့အလယ်ပိုင်းဟာအနောက်အုပ်စုနဲ့ သင့်တင့်မျှတစွာဆက်ဆံရေးတော့ထူထောင် ထား တယ်။ လက်နက်အင်အားချင်းကလုံးဝမယှဉ်နိုင်ဘူးဆိုတာ အစ္စလာမ်ကမ္ဘာက သိထားတယ်။ဒါပေမဲ့ အမှောင်ထဲက ထွက်တိုက်ခြင်း တစ်နည်းပြောရရင် ဘယ်က ထွက်လာမယ်မှန်းမသိတဲ့ အကြမ်းဖက်၊ ပြောက်ကျားနည်းကိုတော့ ကိုင်စွဲထားတဲ့အတွက် အရှေ့အလယ်ပိုင်းမှာ အကြမ်း ဖက်တွေ အားကောင်းနေရခြင်းဖြစ်လာခဲ့တယ်။

      အရှေ့အလယ်ပိုင်းကိုဖြိုခွင်းဖို့ ပါကစ္စတန်မှာ အကြမ်းဖက်တွေကို စစ်ရေးလေ့ကျင့်ပြီး CIA နောက် ကွယ်က ကြိုးကိုင်ထားတဲ့ “ISIS” တွေတစ်ချိန်က မိုးကောင်းခဲ့ပါသေးတယ်။ ကမ္ဘာမှာအင်အားအကြီးဆုံး၊ လက်နက်လူသူ အင်အားအကြီးဆုံး၊ ငွေကြေးအတောင့်တင်းဆုံးသော အကြမ်းဖက်အဖွဲ့အစည်းလို့ ကျော်စောခဲ့တယ်။ ဆီးရီးယားကို အဓိကတိုက်ခိုက်သူက “ISIS” တွေဖြစ်တယ်။ ဆီးရီးယားမှာ ရေတပ်စခန်းအပါအဝင်အခြေချစစ်စခန်းရှိတဲ့ ရုရှားက သူ့အကျိုး စီးပွားကို ထိလာတဲ့အခါမှာ “ISIS” တွေကို S – 300, S – 400 တွေနဲ့ တိုက်ပြလိုက်ရာမှာ “IS” က ခေတ်မှေးမှိန်သွားခဲ့ရတော့တယ်။ အင်အားတောင့်တင်းလာတဲ့ “IS” တွေက နောက်ပိုင်းမှာ အမေရိကန်ကိုလည်း ပြန်ပြီး ဆန့်ကျင်လာတာတွေ့ရတယ်။

      အရှေ့အလယ်ပိုင်းမှာ အင်အားအကြီးအသေးအကြမ်းဖက်အဖွဲ့အစည်းပေါင်း“ရာ” ဂဏန်းနီးပါးလောက်ရှိပြီး ချမ်းသာတဲ့ အီရန်၊ ဆော်ဒီစတဲ့ နိုင်ငံတွေက နောက်ကွယ်ကနေ ထောက်ပံ့နေတာကို အမေရိကန်၊ ရုရှား၊ တရုတ်တို့က မသိမရှိပါဘူး။

      အိန္ဒိယ – ပါကစ္စတန်စစ်ဖြစ်တော့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတာက အမေရိကန်နဲ့ အကြမ်းဖက်ဆက်စပ်ပုံကို ကွက်ကွက်ကွင်းကွင်းကြီး ပေါ်လွင်သွားစေတယ်။
      “အမေရိကန်အတွက် ကျွန်တော်တို့ အကြမ်း ဖက်လုပ်ငန်းတွေကို နှစ်ပေါင်း ၃၀ လောက်လုပ်ပေးခဲ့ရပါတယ်”

      ပါကစ္စတန်ကို အကြမ်းဖက်တွေ မွေးထုတ် ပေးရာနိုင်ငံ၊ အကြမ်းဖက်တွေကိုလေ့ကျင့်ပေးရာမြေလို့ အမေရိကန်က မကြာခဏ ထုတ်ပြောလေ့ရှိထားတာကို ပြန်ချေပတဲ့သဘောဖြစ်ပါတယ်။

      အစ္စလာမ်ကမ္ဘာကြီးမှာ ဘယ်လိုပဲ “ဆွန်နီ – ရှီအိုက်”တို့က ကွဲပြားနေကြပါစေ။ အစ္စလာမ်ကမ္ဘာကို ထိခိုက်မယ်ဆိုရင်တော့ အားလုံးက တစ်သား တည်းဖြစ်သွားတတ်တာကို ခရစ်ယာန်တွေက သိထားပါတယ်။ အစ္စလာမ်နိုင်ငံတွေထဲမှာ စီးပွားရေးရော၊ လက်နက်အင်အားရော ကြီးမားတဲ့ တူရကီနိုင်ငံရှိနေတယ်။ NATO အဖွဲ့ဝင်နိုင်ငံလည်းဖြစ်နေပြန်ပါတယ်။ India – Pakistan စစ်ဖြစ်တော့တူရကီဝင်လာမှာကို အမေရိကန်ရော၊ အိန္ဒိယရောစိုးရိမ်ကြပြီး အပစ်ရပ်ရေးကို လက်ခံလိုက်ကြရတာပါ။

ဆင်သွားရင်လမ်းဖြစ်တယ်

      အိမ်ဖြူတော်ဝင်ချိန်ကစပြီး ရက်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ထရမ့်ကို ကဏ္ဍအသီးသီးက ဝေဖန်သံတွေညံထွက်နေတယ်။ နိုင်ငံတွေအများစုကလည်း ရွံရှာလာကြတယ်။ အရင်းနှီးဆုံးဖြစ်တဲ့ NATO, E U တွေကလည်း ထရမ့်ကို ခပ်ရွံ့ရွံ့ဖြစ်ကုန်ကြတယ်။ အိမ်နီးချင်း Canada, Mexicတွေကလည်း ထရမ့်နဲ့ ဆက်ဆံရတာထမင်းလုံးတစ္ဆေအခြောက်ခံကြရသလိုဖြစ်နေတာတွေ့ရတယ်။

      ဒီကြားထဲမှာမှ Victory Day ဆိုပြီး ကုန်သွယ်ရေးအခွန်တိုးအမိန့်တွေ ထွက်လာတော့ အမေရိကန်ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာရောအဆင့်(၈) ငလျင်တွေ တန်းစီလှုပ်ကုန်ပါတော့တယ်။ CIA, FBI, ပင်တဂွန်တွေအထိပါ ဖြုတ်၊ထုတ်၊ သတ်လုပ်နေတဲ့ ထရမ့်ကို အားလုံးက ရွံ့ကြောက်ကြီး ဖြစ်နေတာတွေ့ရတယ်။

      အထူးသဖြင့် တရုတ်နဲ့ကုန်သွယ်ခွန်ကြောင့် ကမ္ဘာကြီးစီးပွားကျရောဂါဖြစ်မှာ စိုးရိမ်လာခဲ့ကြတယ်။ အမေရိကန်စတော့တွေ ထိုးကျသွားတာ $ 11 Tnllion လောက်အထိကိုအငွေ့ပျံသွားတယ်။Apple ကဆိုရင် Q-1 မှာ $ 900 ကျော်အပိုကုန်ကျသွားရပါတယ်လို့ညည်းညူရတဲ့အဆင့်ဖြစ်လာခဲ့တယ်။

      ဒါနဲ့ပဲ ဆွစ်မှာ US – China Trade Talk လုပ်ခဲ့ကြတယ်။ ယာယီအနေနဲ့ တရုတ်အပေါ် အမေရိကန်က ၁၄၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃ဝ အထိလျော့ချလိုက်ပြီး တရုတ်ကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ်ရာခိုင်နှုန်း ၁ဝ အထိ အခွန်လျော့ချပေးလိုက်ခဲ့လို့ အကောင်းဘက်ရောက်သွားခဲ့တယ်လို့ဆိုရပါလိမ့်မယ်။ Geneva မှာ ကျင်းပခဲ့တဲ့ Trade Talk နဲ့ ပတ် သက်ပြီး Allison Marrow က “Trump’s biggest win isn’t a trade deal – it’s his distortion of reality” ဆိုပြီး အက်ဆေးတစ်စောင် ရေးထားတယ်။ ပြောချင်တာက “တရုတ်နဲ့ကုန်သွယ်ရေး တစ်စုံတစ်ရာသဘောတူညီချက်ရလိုက်တာဟာ ထရမ့်ရဲ့အကြီးမားဆုံးအောင် ပွဲမဟုတ်ဘူး။ လက် တွေ့အမှန်တရားအပေါ် လွဲမှားစွာကောက်ယူခြင်းကို ပြင်ဆင်လိုက်တာသာတကယ့် အောင်မြင်ခြင်း”လို့ဆိုလိုပါတယ်။

      လူဆိုတာအမှားမကင်းပါဘူး။ မှားတာကို မှားမှန်းသိပြီး ဇွတ်မတိုးဖို့ရယ်၊ အမှန်ကို ပြန်ပြင်ဆင်နိုင်တာရယ်က အရည်အချင်းဖြစ်ပါတယ်။ ဝေဖန်မှုတွေကြားက အမေရိကန်-တရုတ်ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီးအတိုင်းအတာ တစ်ခုအထိ သဘောတူညီချက်ရကြလို့ ရီဆက်ရှင်းဆိုတဲ့စီးပွားရေးကျဆင်းခြင်းအန္တရာယ်ကို ရှောင်ရှားနိုင်ပြီလို့ဆိုရပါမယ်။ ဆင်သွားတော့လမ်းဖြစ်ပါတယ်။

ထရမ့်သွားတော့ ပန်းခင်းလမ်းဖြစ်

       ၁၃- ၅- ၂၅ မှာ ထရမ့်ဆော်ဒီကိုရောက်တယ်။ ဘိုင်ဒင့်လက်ထက်မှာ မလုပ်နိုင်ခဲ့တာတွေကို လုပ်ပြလိုက်တာတွေ့ရတယ်။
• လောလောဆယ် အမေရိကန်လက်နက် $ 142 Billionဖိုး ရောင်းလိုက်ရတယ်။
• လက်နက် $ 1 Trillion ဖိုးအထိ ဝယ်ယူမယ်ဆိုတဲ့ကတိရလိုက်တယ်။
• US မှာ လာရောက်ရင်းနှီးဖို့ $ 60 Billion စာချုပ် ချုပ်နိုင်ခဲ့တယ်။
• $ 1.5 Trillion. ဖိုးအထိ ဆော်ဒီက ရင်းနှီး မြှုပ်နှံမှုလုပ်မယ်လို့ ဆိုတယ်။
• အဲ့ဒီလိုတွေ အခွင့်အလမ်းတွေရဖို့ သတင်း ထောက် ခါရှော်ကီနဲ့ ပတ်သက်ပြီး MBS အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ထရမ့်ဘက်က ဖယ်ရှားပေးလိုက်တယ်။
• ဒီခရီးမှာ Qatar ကိုသွားပေမယ့် အစ္စရေးကို မဝင်တော့ဘူးလို့ ထရမ့်က ကြေညာလိုက်တယ်။
• အီရန်အပေါ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်ဘက်က ဖယ်ရှားပေးမယ်။ ဒါပေမဲ့ နျူလက်နက်ဆိုင်ရာကိုတော့ အလျှော့ပေးမှာမဟုတ်ဘူးလို့ ဆိုတယ်။

       အခြေအနေအရပ်ရပ်ဟာ ရုတ်တရက်အပြောင်း အလဲတွေဖြစ်ကုန်တာကို သတိထားမိကြပါလိမ့်မယ်။ အစ္စရေးကဏ္ဍက မိုးပေါ်ကနေမြေပြင်ကို ရုတ်တရက်ပြုတ်ကျသွားသလိုဖြစ်သွားတယ်။ အရှေ့အလယ်ပိုင်းအခင်းအကျင်းသစ်က မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။

       ဒါတွေက လုပ်ရဲဖို့လိုသလို၊ လုပ်တတ်ဖို့လည်းလိုပါတယ်။
      အရှေ့အလယ်ပိုင်းက အထူးသဖြင့် ဆော်ဒီနဲ့ ဆက်ဆံရေးတည်ဆောက်ထားတဲ့ ရုရှားနဲ့ တရုတ်တို့ကို မင်တက်သွားစေမှာတော့ အမှန်ပါပဲ။ အမေရိကန်-ဆော်ဒီခရီးစဉ်ရဲ့ ရလဒ်က ရုရှားနဲ့ တရုတ်တို့ရဲ့ အိပ်မက်ကိုလန့်နိုးသွားစေမှာလည်း ဖြစ်ပါတယ်။

      ဒီလုပ်ရပ်အပေါ်ထရမ့်ကို အသိအမှတ်မပြုလို့မရတော့ပါဘူး။ မေးခွန်းထပ်ထုတ်ဖို့မရှိရလောက်အောင် အောင် = မြင်တဲ့ရလဒ်ဆိုတာ မငြင်းနိုင်ပါဘူး။

      ရက်ပေါင်း ၁ဝဝ အတွင်း လုပ်သမျှ ဝေဖန်ခံနေရတဲ့ထရမ့်ရဲ့လုပ်ရပ်တွေဟာ ရက်ပေါင်း ၁၁၀ အရောက်မှာ အားလုံးကို အံ့အားသင့်စေပြီး လက်ခုပ်တီးပေးရမယ့် လုပ်ရပ်ဖြစ်လာပါတယ်။

American First ဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်ကို ဒီလုပ်ရပ်က မှတ်ကျောက် အတင်ခံသွားစေခဲ့တာ ဖြစ်ပါတယ်။

      “ထာဝရအကျိုးစီးပွားသာရှိတယ် ရန်သူ-မိတ်ဆွေထာဝရမရှိဘူး” ဆိုတာပိုပြီးထင်ရှားလာပြီး ဆင်သွားရင် လမ်းဖြစ်တာမဟုတ်တော့ပဲ ထရမ့်သွားရင် ကတ္တီ ပါကော်ဇောပါခင်းထားပြီး ဖြစ်တယ်လို့တောင် တင် စားရမလို ဖြစ်ခဲ့ရပါပြီ။

#PAN