(မှုခင်း) မေလ ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၃ ဘီလမ်းပေါ်၌ ယဉ်မင်းဦး မောင်းနှင်သည့် ISUZU အမျိုးအစား ကုန်တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း အလေးချိန် ၁ ဒသမ ၈ တန် (တစ်တန်လျှင် ငွေကျပ်သိန်း ၄၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၇၂၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို နယ်စပ်ဒေသမှ တရားမဝင် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မုံရွာမြို့မှ ကဖင်းအိတ် များသယ်ဆောင်ခိုင်းသူ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကိုဇေ(ခ)ကိုဇေဇေအောင်နှင့် မစန္ဒာဝင်းတို့၏ နေအိမ်အား မေလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ မစန္ဒာဝင်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဆက်စပ်သတင်းများအရ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကဖင်းအိတ်များအား ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စေခိုင်းသူ အောင်ဆန်းဦး(ခ)စိုးကို(ခ)အောင်စိုးသူ အား ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ နေအိမ်၌ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews