(ပြည်တွင်း) နိုဝင်ဘာ ၇
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာပွဲဈေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါရိုးရာပွဲဈေးကို မြန်မာ့ယဉ်ကျေးမှု ဒြပ်မဲ့အမွေအနှစ်များအကြောင်း ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်ပြီး ထိန်းသိမ်းစောင့်ရှောက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခေတ်ပေါ်စားသောက်ကုန်များကြားတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာမုန့်များကို မျိုးဆက်သစ်လူငယ်များ သိရှိမြတ်နိုးလာစေရန်၊ စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံသည့် ရိုးရာမုန့်လုပ်ငန်းများအတွက် ဈေးကွက်ဖော်ဆောင်ပေးရန်၊ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်နှင့် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါပွဲဈေးကို နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး လာရောက်ဝယ်ယူသူများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာ ဝယ်ယူနိုင်ရန် ဇုန်သုံးခုခွဲ၍ ဖွင့်လှစ်ထားရှိသည်။
ဇုန် (A) ပွဲဈေးတန်းတွင် အစားအသောက်များနှင့် Fast Food များကို ရောင်းချလျက်ရှိပြီး ဇုန် (B) ပွဲဈေးတန်းတွင် ဒေသအသီးသီးမှ ထွက်ရှိသည့် စားသောက်ကုန်များကို ရောင်းချလျက်ရှိသည်။
ဇုန် (C) ပွဲဈေးတန်းတွင်မူ ဒေသအသီးသီးမှ ထွက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အဝတ်အထည်များကို ရောင်းချပြသထားသည့်အပြင် မြန်မာ့ရိုးရာစားဖွယ်များ ပြုလုပ်ပုံသရုပ်ပြပွဲများ၊ စကားဝိုင်းများ၊ ဇာတ်ပွဲ၊ Project K အဖွဲ့၏ ဖျော်ဖြေပွဲများနှင့် တိုင်းရင်းသားပဒေသာအကများကိုလည်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN