(မှုခင်း) နိုဝင်ဘာ ၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၅/၄ တွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို အခြားယာဉ်တစ်စီးက ဝင်တိုက်မိပြီး ထွက်ပြေးသွားသည့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ သွားရာလမ်း၊ အမြန်လမ်းမိုင်တိုင် ၇၅/၄ တွင် မီးမပါဘဲ လမ်းကြောင်းပြောင်းပြန် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို လမ်းကြောင်းမှန်အတိုင်း မောင်းနှင်လာသည့် ယာဉ်အမျိုးအစား၊ ယာဉ်မောင်းနှင့် ယာဉ်အမှတ် စုံစမ်းဆဲယာဉ်က ဝင်တိုက်မိပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
တိုက်မိသည့် ဆိုင်ကယ်များမှာ အနက်ရောင် Honda Wave 110 အမျိုးအစားဖြစ်ပြီး ယာဉ်အမှတ် 61W/93870 တွင် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးနှင့် ယာဉ်အမှတ် 66W/30174 တွင် ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှစ်စီးပေါ်ပါသူများအနက် တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိသည့် မော်တော်ဆိုင်ကယ်များကို စီးနင်းခြင်းနှင့် လမ်းပြောင်းပြန်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားစေခဲ့သည့် ဆိုင်ကယ်မောင်းသူများကို ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကိုလည်း အမှုဖွင့်ကာ စုံစမ်းဖော်ထုတ်လျက်ရှိသည်။
အမြန်လမ်းမကြီးများဥပဒေ အခန်း (၇)၊ ပုဒ်မ (၁၃) အရ အမြန်လမ်းပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် ယာဉ်များ မောင်းနှင်ခြင်း၊ ရပ်နားခြင်း၊ လူနှင့်တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် ထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပြဋ္ဌာန်းထားသည်။
သို့သော် ယာဉ်တိုက်မှုဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးအတည်ပြုချက် ရယူရန်လိုအပ်ပြီး စည်းကမ်းလိုက်နာ၍ မတော်တဆယာဉ်တိုက်မှုဖြစ်ပွားသူ ယာဉ်မောင်းများသာ ဥပဒေ၏ အကာအကွယ်ကို ခံစားခွင့်ရမည်ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်ပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ရရှိမည်မဟုတ်ဘဲ အခြားလမ်းများတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ခံယူရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN