(စီးပွားရေး) ဧပြီ ၂၂
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းအမျိုးအစား ၁၃ မျိုးမှ လုပ်ငန်းပေါင်း ၂,၀၀၀ နီးပါး မှတ်ပုံတင်ထားကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

မှတ်ပုံတင်လာတဲ့ လုပ်ငန်းအမျိုးအစားများမှာ စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်လုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ပစ္စည်းစသည့် လုပ်ငန်းပေါင်း ၁၃ မျိုးပါဝင်ကြောင်း သိရပါတယ်။
အဆိုပါအသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ခွင့်ပြုဆောင်ရွက်ပေးနေပါတယ်။
လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ မှတ်ပုံတင်မိတ္တူ ၃ စောင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လုပ်ငန်းလုပ်ကိုင်ကြောင်း ထောက်ခံချက်တို့နှင့်အတူ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများဖြစ်ပါက တံဆိပ် ၃ ခု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရန် ထုတ်ကုန်ပစ္စည်း နမူနာ ၆ ခု၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲစတဲ့ အချက်များပြည့်စုံစွာပါရှိရမှာ ဖြစ်ကြောင်း သိရပါတယ်။
#PAN