အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲ ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်မည်ဟု ကုလမျှော်လင့်


(နိုင်ငံတကာ) ဧပြီ ၁၉

ယခု သီတင်းပတ်အတွင်း အမေရိကန်နှင့် အီရန်တို့အကြား ဒုတိယအကျော့ နျူကလီးယား ဆွေးနွေးပွဲအပေါ် ကုလသမဂ္ဂက ကောင်းမွန်သည့် လက္ခဏာဟုရှုမြင်ပြီး ကောင်းမွန်သည့်ရလဒ်များ ပေးစွမ်းမည်ဟု မျှော်လင့်ကြောင်း ဧပြီလ ၁၇ ရက်တွင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမေရိကန်-အီရန် သွယ်ဝိုက်သောဆွေးနွေးပွဲ ဒုတိယအကျော့ကို ဧပြီလ ၁၉ ရက်တွင် ရောမမြို့၌ ပြုလုပ် မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နှစ်ဖက်စလုံးသည် တီဟီရန်၏ နျူကလီးယားပြဿနာနှင့် အမေရိကန်၏ ပိတ်ဆို့မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများမှ ကောင်းမွန်သည့်ရလဒ်များ ယူဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသနှင့် ပင်လယ်ကွေ့ ဒေသတွင် တင်းမာမှုများကို လျှော့ချနိုင်မည်ဟုမျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ စတက်ဖိန်ဒူဂျာရစ် က ပြောသည်။

မတ်လအစောပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်ခေါင်းဆောင်များထံ စာတစ်စောင်ပေးပို့ခဲ့ပြီး အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သွယ်ဝိုက်သော ဆွေးနွေးမှုများပြုလုပ်ရန် အီရန်ဘက်က သဘောတူခဲ့သည်။

အမေရိကန်-အီရန် သွယ်ဝိုက်သောဆွေးနွေးပွဲ ပထမအကျော့ကို အိုမန်နိုင်ငံ၊ မြို့တော်မတ်စကပ်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN