မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်/သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်


(ပြည်တွင်း) ဧပြီ ၁၉

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိခဲ့ပြီး နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများမှာလည်း ၁၄၁ ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅,၀၉၆ လုံး၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း/ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၆၅၃ ဦး ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအား ရှာဖွေပေးနိုင်ခဲ့ပါတယ်။

အဆိုပါ ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတို့အား ရှာဖွေ ကယ်ဆယ် ပေးနိုင်ခဲ့ကာ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့မှလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ ကြကြောင်း သိရပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသလို ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက် နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘော ၆ စီး၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁,၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂,၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁,၁၇၀ ဒသမ ၅၉ တန်၊ စုစုပေါင်းတန်ချိန် ၃,၅၀၃ ဒသမ ၅၇ တန်ရောက်ရှိကာ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်း များကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားရှိပါတယ်

Telegram»…
https://t.me/positiveanglenews

PAN