ညစ်ညမ်းနေသည့် မယ်ဆိုင်ချောင်းရေ အသုံးမပြုရန် ထိုင်းဖက်မှ ကြေငြာချက်ထုတ်

(နိုင်ငံတကာ) ဧပြီ ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ညစ်ညမ်းနေခြင်းကြောင့် အသုံးမပြုကြဖို့ ထိုင်းဘက်က ထုတ်ပြန်ပါတယ်။

မယ်ဆိုင်ချောင်းအတွင်းကရေများ၏ သန့်ရှင်းမှုကို ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ၊မယ်ဆိုင်ရုံးခွဲမှာစစ်ဆေးရာ ညစ်ညမ်းပစ္စည်းတွေ ပါဝင်နေတာကိုတွေ့ရှိရပြီး သောက်သုံးရန် မသင့်ကြောင်း ဧပြီလ (၉)ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

ဒေသရေပေးဝေမှု စမ်းသပ်စစ်ဆေးရန်အတွက် ဖေဖော်ဝါရီ ၁၇ ရက်၌ ချောင်းများရှိ  ရေနမူနာများ ရယူကာ မယ်ဆိုင်ခရိုင်၊ မယ်ဆိုင်ရုံးခွဲမှ ပြင်ပအာဏာပိုင်များထံ ပေးပို့ကာ  စစ်ဆေးကြည့်ရာမှ ချောင်းရေအတွင်း ညစ်ညမ်းပစ္စည်းများ  သတ်မှတ်နှုန်းထက် ပါရှိနေကြာင်း တွေ့ရှိရသည်။

ထို့ကြောင့် ချင်းမိုင်ခရိုင်မှ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး (ချင်းမိုင်)ရုံးသို့ မယ်ဆိုင်ချောင်းအတွင်း ရေအရည်အသွေး ထပ်မံစစ်ဆေးနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ထားရှိကာ  အသိပေးအကြောင်းကြားထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး စစ်ဆေးမှုကို စောင့်ဆိုင်းနေစဉ် ကာလအတွင်း ပြည်သူများအနေဖြင့် မယ်ဆိုင်ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြဉ်ကြပါရန် မေတ္တာရပ်ခံထားသည်။

မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးမှလည်း ပြည်သူများအနေနှင့် မယ်ဆိုင်ချောင်းရေအား ရေချိုးခြင်း၊ အဝတ်လှန်းခြင်း၊ ပန်းကန်ဆေးခြင်းတို့ကဲ့သို့ အိမ်သုံးရေအဖြစ်သာ အသုံးပြုပြီး၊ဟင်းသီးဟင်းရွက်ဆေးခြင်း ၊ရေအဖြစ်သောက်သုံးခြင်း တို့ကို မပြုလုပ်ရန် တားမြစ်ထားသည်။