PDF အကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား သတ်ဖြတ်ခြင်းများ ပြုလုပ်

(ပြည်တွင်း)ဖေဖော်ဝါရီ  ၂၈

      PDF အကြမ်းဖက်အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်း ကျေးရွာရှိ မဟာပဉ္စိမရာမဘုန်းတော်ကြီးကျောင်းဝန်း အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့်  ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ကိုရင်များ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

       ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက် သမားများမောင်းနှင်လာသည့်  Drone ယာဉ် ၁ စီးသည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေး ရွာ၏ အရှေ့တောင်ဘက်   အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါ ကျေးရွာရှိ မဟာပဉ္စိမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့  Drop Bomb များဖြင့် ဖြုတ်ချ တိုက်ခိုက်ခဲ့မှုကြောင့်   အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

        အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်သမားများက  ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်း မရှိသဖြင့် လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး  အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

       ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၈ နာရီချိန်ခန့်တွင် ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ်(ဝါတော် ၄၅) သည် ကျောင်းအတွင်း တစ်ပါးတည်းရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်းကျည် ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။ ထို့အပြင် အကြမ်းဖက်သမားများသည် အဆိုပါကျောင်းတိုက်အနီးရှိ  ကုန်စုံဆိုင်အား ၎င်းတို့၏ လုပ်ရပ်များအပေါ် တိုင်ကြားမှု မပြုလုပ်နိုင်ရန် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

       PDF အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများ၊ လူပုဂ္ဂိုလ်များကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ လူနေအဆောက်အဦများ၊ ဈေးဆိုင်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် လွန်စွာ စက်ဆုပ်ရွံရှာလျက်ရှိကြောင်း သိရှိရသည်။ 

#PAN