(ပြည်တွင်း) ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ဆောင်ရွက်ခဲ့ကြောင်း ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း ကပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က ထုတ်ဝေမယ့် ၂၀၂၄ ခုနှစ်အတွက် နှစ်စဉ် အစီရင်ခံစာ၊ အစပျိုးဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့်ပတ်သက်တဲ့ ရှင်းလင်းပြောကြားပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်စာရင်းမှာ ထည့်သွင်းထားကာ ပြည်ပမှတရားမဝင် ဝင်ရောက်မှုမရှိစေရန်နှင့် လမ်းလွဲမရောက်ရှိစေရန်တို့အတွက် တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး အစပျိုးဓာတု ပစ္စည်းများ တင်ပို့ရာမှာလည်း Pre-Export Notification(PEN)စနစ်မှတစ်ဆင့်ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှု၊ လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုဆိုင်ရာ စိန်ခေါ်မှုများကို အမျိုးသားရေးတာဝန်အဖြစ် ကိုင်တွယ်ဖြေရှင်းရာမှာ တည်ဆဲမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရရှိစေရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဆက်စပ်ဌာနများအနေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူများကို အသိပညာပေးစည်းရုံးခဲ့မှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီမှာ ဘိန်းစိုက်ခင်း ၆,၁၈၁ ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီး ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်
Telegram»…
https://t.me/positiveanglenews