၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ နည်းပြ ဒက်ချမ့်စ်


(အားကစား) ဇန်နဝါရီ ၉

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပြည့်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်နည်းပြ အဖြစ်ကနေ ဒက်ချမ့်စ် ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းအတွက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဒက်ချမ့်စ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပြင်သစ်အသင်း အောင်မြင်ခဲ့ပါက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ထွက်ခွာမှာဖြစ်ပြီး တကယ်လို့ ခြေစစ်ပွဲမအောင်ခဲ့ဘူးဆိုရင်တော့ ခြေစစ်ပွဲတွေအပြီးမှာပဲ ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် ဒက်ချမ့်စ် ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဒက်ချမ့်စ် ဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ UEFA နေးရှင်းလိဂ် ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့ပြီး ယူရို ၂၀၁၆ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ဒုတိယနေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြဘဝနဲ့ပါ ရယူနိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်ခဲ့တဲ့ ဒက်ချမ့်စ် ဟာ ပြင်သစ်အသင်းမှာ နိုင်ပွဲရာခိုင်နှုန်း ၆၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိခဲ့တာ ဖြစ်ပါတယ်။

ဒက်ချမ့်စ် ထွက်ခွာသွားဖြစ်ခဲ့ရင် သူ့နေရာမှာ အစားထိုးဝင်ရောက်လာဖို့အတွက် ပြင်သစ်လက်ရွေးစင်ဟောင်း ဇီဒန်းက ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN