(ပြည်တွင်း) ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ပြည်သူ့ ဆေးရုံ၌ အမျိုးသားအလောင်း ၁ လောင်း ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာ့မီးရထား၊ မြင်းမူဘူတာရုံမှ ညစောင့်လုပ်သား ဦးအောင်အောင်ထွန်း(ခ)အငယ်လေး၊ ၄၄ နှစ် မြင်းမူမြို့အမှတ် (၁)နယ်မြေ၊ ကျန်စစ်သားရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ဦးအောင်အောင်ထွန်း(ခ)အငယ်လေးသည် ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြင်းမူမြို့၏ အရှေ့ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ မြင်းမူမြို့ ဘူတာရုံနေအိမ် လိုင်းခန်း၌ ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်ကျော် ၃၃ နှစ်နှင့်အတူ ရှိနေစဉ် အကြမ်းဖက် PDF သောင်းကျန်းသူ ၄ ဦးသည် လက်နက်ငယ်(စိစစ်ဆဲ)များ ကိုင်ဆောင်၍ ရောက်ရှိလာခဲ့ပြီး ဦးအောင်အောင်ထွန်း(ခ)အငယ်လေးအား မေးမြန်းစရာရှိသည်ဟု ပြောဆိုကာ ဘူတာ၏ အနောက်ဘက် သံလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးအောင်အောင်ထွန်း(ခ)အငယ်လေးမှာ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြင်းမူမြို့ ၏မြောက်ဘက် ၁ မိုင်ခန့်အကွာ မြို့ရှောင်လမ်းဘေး၌ လည်ပင်းထိုးသွင်း/ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် “မြတ်သုခ”လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ အရေးယူရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews