အစ္စရေး က ဆီးရီးယားရှိ ဓာတုလက်နက်များကို ဖျက်ဆီးလိုက်ဟုဆို


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၀

အစ္စရေးတပ်ဖွဲ့များက ဆီးရီးယားနိုင်ငံရှိ ဓာတုလက်နက်များကို ဖျက်ဆီးလိုက်နိုင်သည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန်ဆား က ဒီဇင်ဘာလ ၉ ရက်တွင် ပြောသည်။

ဆီးရီးယားနိုင်ငံ၌ သမ္မတ ဘာရှာအယ် အာဆတ်၏ အုပ်ချုပ်မှုပျက်စီးပြီးနောက် ထိုနိုင်ငံအတွင်း ကျန်ရှိနေသည့် ဓာတုလက်နက်များ သို့မဟုတ် တာဝေး ပစ် ဒုံးကျည်များနှင့်ဒုံးများကဲ့သို့ မဟာဗျူဟာမြောက်လက်နက်စနစ်များကို အကြမ်းဖက်သမားများလက်တွင်းသို့ မရောက်ရှိစေရန် ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂစ်ဒီယွန်ဆား က သတင်းစာရှင်းလင်းပွဲ၌ ပြော သည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမတ်စကပ်ကို သိမ်းပိုက်လိုက်နိုင်သော ဟာယတ်တာရီ ယာအယ်ရှမ်းအဖွဲ့ ဦးဆောင်သော သူပုန်အဖွဲ့သည် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ဖြစ်ကြောင်း ဂစ်ဒီယွန်ဆားက ဆက်ပြောသည်။

ထို့ပြင် အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဆီးရီးယားနှင့်နယ်စပ်မှ အရှေ့ဘက်ရှိ ကြားခံနယ်မြေကို အင်အားအပြည့်ဖြင့်စိုးမိုးမှုရယူထားရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဒီဇင်ဘာလ ၈ ရက်တွင် ညွှန်ကြားထားကြောင်း South China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN