ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ဒေသများသို (၆) ပြည်ပါ ဆန်အိတ်ပေါင်း ၄၀,၀၀၀ ကို နေ့စဉ်ဖြန့်ဝေလှူဒါန်းပေးနေ


(ပြည်တွင်း) စက်တင်ဘာ ၂၆

ကမ္ဘောဇဘဏ်က ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ တစ်အိတ်လျှင်ဆန်(၆)ပြည်ပါ ဆန်အိတ်ပေါင်း ၄၀,၀၀၀ ကို နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများသို ရန်ကုန်မြို့မှတစ်ဆင့် နေ့စဉ်ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း ကမ္ဘောဇဘဏ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်ပေါင်း ၂,၈၀၀ အိတ်စီ တင်ဆောင် လာသော ကုန်တင်ကားနှစ်စီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာ၍ ရေဘေးသင့်ဒေသများသို့ ဆန်အိတ်ပေါင်း ၄၀,၀၀၀ ပြည့်သည်အထိ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားရှိပါတယ်။

စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ကမ္ဘောဇဘဏ်ဝန်ထမ်းများက ကလောမြို့ရှိ ဆေးဝင်္ကပါကျောင်းသို့ သွားရောက်ပြီး ရေဘေးသင့်ဒဏ်အများဆုံး ခံစားခဲ့ရသော ကလောမြို့ အမှတ်(၃)ရပ်ကွက်မှ ပြည်သူများအတွက် ဆန်၊ ငါးသေတ္တာ၊ အစားအသောက်များ၊ ခြုံစောင်များ၊ အိုးခွက်ပန်းကန်များအပါအဝင် ပစ္စည်း ၁၇ မျိုးကို ရေဘေးသင့် အိမ်ထောင်စု ၁၈၅ စု အတွက်လှူဒါန်းခဲ့ပြီး မိသားစုဝင် ၅ ဦးရှိသည့် အနက် ၄ ဦးရဲ့ အသက်ဆုံးရှုးခဲ့ရသူတစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ထိုအတူ ကလောမြို့နယ် သိမ်တောင်ကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၁၁၅ စု အတွက်ဆန်၊ ငါးသေတ္တာ၊ အစားအသောက်များ၊ ခြုံစောင်များ၊ အိုးခွက်ပန်းကန်များအပါအဝင် ပစ္စည်း ၁၇ မျိုးကို ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။

အဆိုပါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ လယ်ဝေး၊ တာချီလိတ် အစရှိတဲ့ ရေဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ နေရာဒေသအသီးသီးသို တစ်ချိန်တည်း တပြိုင်တည်း သွားရောက်၍ နေ့စဉ် လှူဒါန်းပေးလျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ကမ္ဘောဇဘဏ်က ပရဟိတအဖွဲ့အစည်းများနှင့် လက်တွဲကာ ဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့တို့မှ ရိက္ခာနှင့် အဝတ်အထည်၊ အိမ်သုံးဆေးဝါးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများဖြင့်လည်း ကူညီလှူဒါန်းမှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN