အဆင့်မြင့်ရေငုပ်သင်္ဘောနှစ်စင်းကို စင်ကာပူတပ်တော်သွင်း


(နိုင်ငံတကာ)စက်တင်ဘာ ၂၆

စင်ကာပူတပ်မတော်က အဆင့်မြင့်ရေငုပ်သင်္ဘောနှစ်စင်းကို စက်တင်ဘာလ ၂၄ ရက်တွင် တပ်တော်သွင်းလိုက်ကြောင်းသိရသည်။

ထိုရေငုပ်သင်္ဘောများသည် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းများကို ကာကွယ်နိုင်ရေးနှင့် ဒေသတွင်း၌ စစ်အင်အားခိုင်မာအောင် တည်ဆောက်ရေးတိုတွင် အကူအညီပေးသွားမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ယင်းရေငုပ်သင်္ဘောများသည် စင်ကာပူနိုင်ငံ၏ ပဥ္မမြောက်နှင့် စတုတ္ထမြောက်ရေငုပ်သင်္ဘော များဖြစ်ပြီး Invincible နှင့် Impeccable ဟု အမည်ပေးထားသည်။ ထိုရေငုပ်သင်္ဘောများကို ဂျာမနီနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် ယူရိုတစ်ဘီလီယံ သဘောတူစာချုပ်ဖြင့် မှာယူခဲ့ခြင်းဖြစ်သည်။

ထိုရေငုပ်သင်္ဘောများကို အသုံးပြုလာနိုင်ခြင်းသည် စင်ကာပူရေတပ်အတွက် နည်းပညာပိုင်း ဆိုင်ရာ ရှေ့တစ်လှမ်းတက်မှုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

စင်ကာပူက Invincible အတန်းအစား နောက်ထပ်ရေငုပ်သင်္ဘောနှစ်စင်းကို ရေချထား သော်လည်း တပ်တော်မသွင်းရသေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN