ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး လေအေးပေးစက်နှင့် အခြားအေးခဲစက်များကို  တင်သွင်းမှုပိတ်ပင်

(ပြည်တွင်း) စက်တင်ဘာ ၁၉

       ဟိုက်ဒရိုကလူရိုဖလိုရိုကာဗွန်များက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့များက အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေပြီး အိုဇုန်းလွှာပါးလာတာနှင့်အမျှ ကမ္ဘာမြေပေါ်မှာ ဓာတ်ရောင်ခြည်များကို တိုးပွားစေနိုင်တာကြောင့် ကမ္ဘာတစ်ဝန်းက သတိပေးနေကြခဲ့ပါတယ်။

      အချို့သော HCFCs များက ရေရှည်မှာ ရေသတ္တဝါများအတွက်ပါ အဆိပ်ဖြစ်စေနိုင်တဲ့ သက်ရောက်မှုများ ရှိပါတယ်။ ဒါကြောင့် HCFC – 22/R-22 အပါ အဝင် ဟိုဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs) အသုံးပြုတဲ့ မြင်းကောင်ရေ ၂ ဒသမ ၅(၂၁,၀၀၀ BTU/HR)နှင့်အထက်စွမ်းအား(capacity) ရှိတဲ့ လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများ ဖြစ်တဲ့လုပ်ငန်းသုံး၊ ရေခဲသေတ္တာများ၊ အေးခဲသိုလှောင်ခန်းများ၊ အေးခဲစက်များပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ် ထားတယ်လို့ မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

      အဆိုပါအမိန့်ကြော်ညာစာကို စက်တင်ဘာလ ၇ ရက်မှာထုတ်ပြန်ခဲ့ပြီး ဖော်ပြပါပစ္စည်းများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်ကနေ စတင်ကာ တင်သွင်းခွင့် တားမြစ်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာထိခိုက်ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများတင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေတဲ့ အအေးပေးပစ္စည်းများသုံးစွဲမှု လျှော့ချခြင်း တို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

      ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) အသုံးပြုတဲ့ မြင်းကောင်ရေ ၂.၅ နှင့် အောက် အင်အားရှိ လေအေး ပေးစက် (HCFCs/R-22 based split and window type air conditioner equipment) များ ပြည်တွင်းသို့ တင်သွင်းမှုအား၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် လ ၁ ရက်မှ စ၍တားမြစ်သည့်အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ထားပါတယ်။

      နေမှထွက်သောအန္တရာယ်ရှိ ခရမ်းလွန်ရောင် ခြည်ကို အိုဇုန်းလွှာက ကာထားခြင်းနဲ့ ကမ္ဘာမြေကို အကာ အကွယ် ပေးထားခြင်းဖြစ်ပါတယ်။ CFCs၊ halons နှင့် HCFCs အပါအဝင် အချို့သော ဓာတုပစ္စည်းများကို ထုတ်လွှတ် ခြင်းက အိုဇုန်းလွှာကို ဖျက်ဆီးပြီး တောင်ဝင်ရိုးစွန်းတွင် “အိုဇုန်းပေါက်” ကို ဖြစ်စေခဲ့တဲ့ သုတေ သနများ ရှိပါတယ်။

#PAN