ဇင်းကျိုက်မြို့တွင် ထမင်း၊ ဟင်းချက်ရာမှ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး

(မှုခင်း) နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ကမာကြည်လမ်းတွင် နံနက်ခင်း ထမင်း၊ ဟင်းချက်ပြုတ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က နေအိမ်တစ်အိမ်တွင် ထမင်း၊ ဟင်း စတင်ချက်ပြုတ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကူးစက်မှုကြောင့် ဘေးအိမ်များအပါအဝင် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လယ်ထွန်စက်တစ်စီးနှင့် ထယ်ထိုးစက်တစ်စီး အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် အသက် ၉၀ အရွယ် အဖိုးအိုတစ်ဦးကိုလည်း ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကို မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ သထုံခရိုင်မီးသတ်ဦးစီးမှူးရုံး၊ ပေါင်မြို့နယ်မီးသတ်စခန်း၊ ဇင်းကျိုက်နယ်မြေမီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရေသယ်ယာဉ်တို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN