(မှုခင်း) နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၂/၃) တွင် သုခမင်္ဂလာရွေ့လျားဆေးကုသရေးယာဉ် ချောက်အတွင်းထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက် ည ၉ နာရီခွဲခန့်က ကလောမြို့မှ သာစည်မြို့သို့ မောင်းနှင်လာသော အဆိုပါဆေးကုသရေးယာဉ်သည် မိုးရွာသွန်းနေစဉ် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ညာဘက်ရှိ ပေ ၁၀၀ ခန့်နက်သော ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ကျန်းမာရေးဝန်ထမ်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၄ ဦး လိုက်ပါလာပြီး အားလုံးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးဝန်ထမ်းများသည် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ခွင့်ပြုမိန့်ဖြင့် အာမခံအကျုံးဝင်အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် သုခမင်္ဂလာရွေ့လျားဆေးကုသရေးယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ဌာနများသို့ ကွင်းဆင်းဆေးကုသမှုပေးရန် သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများတွင် တာဝန်ခံ၊ ဆရာဝန်များ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများ၊ စာရင်းသွင်းဝန်ထမ်းများ၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ECG၊ ကွန်ပျူတာနှင့် ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သာစည်မြို့နယ်မီးသတ်ခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဂရုဏာရှင်ပရဟိတလူမှုရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် ယင်းမာပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဦးဝင်းရာဇာမျိုးအား ယင်းမာပင်နယ်မြေရဲစခန်းတွင် (ပ) ၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN