မြောင်းမြမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးစီ ဒဏ်ရာရ၊ ယာဉ်မောင်းနှစ်ဦးကို အမှုဖွင့်

(မှုခင်း) နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် မြောင်းမြမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းနှင့် သိပ္ပံလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအရ အမှတ် (၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဗိုလ်ဗထူးလမ်းအတိုင်း အမှတ် (၁၁) လမ်းမှ အမှတ် (၇) လမ်းဘက်သို့ မောင်ညီမင်းခန့် (၁၇) နှစ် မောင်းနှင်လာသော HONDA CB-400 မော်တော်ဆိုင်ကယ်နှင့် အမှတ် (၇) လမ်းမှ အမှတ် (၁၁) လမ်းဘက်သို့ ဒေါ်စန္ဒာဝင်း (၅၄) နှစ် မောင်းနှင်လာသော YUN SCOOPYI မော်တော်ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မော်တော်ဆိုင်ကယ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ မောင်ညီမင်းခန့်နှင့် ဒေါ်စန္ဒာဝင်းတို့ကို မြောင်းမြမြို့မရဲစခန်း ယာဉ် (ပ) ၃၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN