အင်္ဂလန်လက်ရွေးစင်နည်းပြရာထူး ကမ်းလှမ်းမှုကို မော်ရင်ဟို နှစ်ကြိမ်တိုင် ငြင်းပယ်ခဲ့

(အားကစား) စက်တင်ဘာ ၁၃

      ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက အင်္ဂလန်နည်းပြဖြစ်လာဖို့ ကမ်း လှမ်းမှု အပါအဝင် လက်ရွေးစင်အသင်းတွေရဲ့ ကမ်း လှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ပြောကြား လိုက်ပါတယ်။ အသက် ၆၁ နှစ်အရွယ် မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ဇွန်လက တူကီယဲကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြရာထူးကို လက်ခံခဲ့တာ ဖြစ်ပြီး လက်ရွေးစင်အသင်းနည်းပြ ရာထူးက သူနဲ့ အဆင်ပြေနိုင်မယ့် ရာထူးမဟုတ်ဘူးလို့လည်း မော်ရင်ဟို က ပြောသွားခဲ့ပါတယ်။

      နည်းပြဘဝမှာ ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါ အဝင် ဆုဖလားပေါင်း ၂၆ လုံးအထိ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုက အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းပယ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

      တစ်လမှ ၁ ပွဲ ၂ ပွဲလောက်သာ ကစားရသလို ကစားသမားတွေရဲ့ခြေစွမ်းကို လေ့လာဖို့အတွက် ပွဲတွေ လိုက်ကြည့်ရတဲ့ လက်ရွေးစင်အသင်းနည်းပြ အလုပ်က သူ့ကိုပျော်ရွှင်စေနိုင်မှာ မဟုတ်တာကြောင့် အခုလိုမျိုး ငြင်းပယ်ခဲ့တာလို့လည်း မော်ရင်ဟို က ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။

      လက်ရှိအချိန်မှာ ဖီနာဘာချီအသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း မော်ရင်ဟို က ပြောကြားသွားခဲ့ပါတယ်။

#PAN