ကလေးမြို့နယ်တွင် ဘိန်းဖြူ ၃၉.၃၈ ကီလို၊ ကျပ် ၂.၈ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ၊ သယ်ယူပို့ဆောင်သူများနှင့် ဆက်စပ်သူများကို ဖော်ထုတ်

(မှုခင်း) နိုဝင်ဘာ ၁၅

ကလေးမြို့နယ်အတွင်း ဘိန်းဖြူ ၃၉.၃၈ ကီလို၊ ဒေသကာလတန်ဖိုး ကျပ် ၂.၈၁၈၆၄ ဘီလီယံရှိ မူးယစ်ဆေးဝါးများကို ယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး သယ်ယူပို့ဆောင်ရာတွင် ပါဝင်သူများနှင့် ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာသည့် NISSAN CONDOR ယာဉ်ကို စစ်ဆေးခဲ့ရာ ဘိန်းဖြူ ၂၇.၇၂ ကီလိုကို ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်မှတစ်ဆင့် နိုဝင်ဘာ ၅ ရက်တွင် သယ်ယူပို့ဆောင်ရေး၌ ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း (ခ) မောင်လှိုင်ကို ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျီကုန်းရွာအနီး၌ပင် ဇာနည်မိုး (ခ) မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း (ခ) မင်းမင်း လိုက်ပါလာသည့် DONG FENG ယာဉ်ကို စစ်ဆေးရာမှ ဘိန်းဖြူ ၁၁.၆၆ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ဘိန်းဖြူသယ်ဆောင်ရာတွင် ပါဝင်သူ မောင်လှ (ခ) သော့ပြောင်းကို နိုဝင်ဘာ ၅ ရက်တွင်လည်းကောင်း၊ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင် (ခ) မောင်ပိန်ကို နိုဝင်ဘာ ၆ ရက်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိသည့် ဘိန်းဖြူများ၏ ပိုင်ရှင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နေ အားပီး (ခ) အပိဖြစ်ပြီး ၎င်းမှာ ဖမ်းဆီးရန်ကျန်ရှိနေကြောင်း သိရသည်။

ထို့အပြင် နေလင်းထိုက် (ခ) ငပိကောင်နှင့် ဟိန်းမိုးအောင်တို့မှာလည်း ဖမ်းဆီးရန်ကျန်ရှိနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကလေးမြို့သို့ ဘိန်းဖြူများ သယ်ဆောင်လာကာ ထိုမှတစ်ဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ဆက်လက်သယ်ယူရောင်းဝယ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကျန်ရှိနေသည့် ဆက်စပ်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN