(မှုခင်း) နိုဝင်ဘာ ၁၅
ဥပဒေဆိုင်ရာ အထောက်အကူအကြံပေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်ဝင်းထံမှ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က မော်လမြိုင်မြို့၊ ဇော်ကုန်းရပ်ကွက်၊ ဆန်တန်းရပ်ရှိ ဒေါ်သက်သက်ဝင်းသည် နေအိမ်တွင် မွေးမြူထားသည့် ခွေးကို ဆန်တန်းလမ်းမဘေး၌ လမ်းလျှောက်ခေါ်ဆောင်နေစဉ် ဒိုင်းဝန်းကွင်းလမ်းဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးက နောက်ကျောဘက်မှ ဖြတ်သန်းမောင်းနှင်ကာ ဝတ်ဆင်ထားသည့် သံကြိုးပွ ရွှေဆွဲကြိုးကို ဆွဲဖြုတ်လုယူပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
လုယူခံရသည့် ရွှေဆွဲကြိုးမှာ အလေးချိန် တစ်ကျပ်သားကျော်ရှိပြီး ကာလတန်ဖိုး ကျပ် ၉၅ သိန်းခန့်ရှိကြောင်း သိရသည်။
အမှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားရာအနီးရှိ ကျိုက်ဖနဲရပ်ကွက်၊ ဇော်ကုန်းရပ်၊ ဝတ်ကြီးလမ်းရှိ နေအိမ်တစ်အိမ်မှ CCTV မှတ်တမ်းတွင် သံသယရှိသူနှစ်ဦး၏ ရုပ်သွင်ပြင်နှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ပုံစံကို တွေ့ရှိခဲ့သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ CCTV Control Center နှင့် ချိတ်ဆက်ကာ မော်လမြိုင်မြို့ပေါ်ရှိ CCTV မှတ်တမ်းများကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီကားလမ်းပေါ်ရှိ ရွှေမိသားစု ဆောက်လုပ်ရေးပစ္စည်းဆိုင်၏ CCTV မှတ်တမ်းကို စစ်ဆေးရာ အမှုကျူးလွန်သူနှစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ဆိုင်ကယ်ဖြင့် ဈေးကြိုရပ်ကွက်၊ ဆန်တန်းရပ်၊ ရန်အောင်လမ်းအတွင်းသို့ ချိုးကွေ့ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရသည်။
ယင်းနောက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အောင်ဇဗ္ဗူဘုန်းကြီးကျောင်းလမ်း၌ စောင့်ဆိုင်းနေစဉ် အခင်းဖြစ်ပွားသည့်နေ့က အသုံးပြုခဲ့သည့် MON-85W/78509 နံပါတ်တပ်ဆင်ထားသော HONDA CLICK အဖြူရောင်နှင့် အနီရောင် ဆိုင်ကယ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်ကယ်နောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်း၊ သဲပုံစေတီအနီးရှိ ကာဆင်ဆီဆိုင်တွင် ကျူးလွန်သူနှစ်ဦးကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ဟိန်းပြည့်စုံဦး (ခ) နားမကြားနှင့် မမေမြတ်နိုး (ခ) မြတ်နိုးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးနှင့် ဆိုင်ကယ်ကို မော်လမြိုင်မြို့မရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းထားကာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN