တောင်ကြီးတွင် Honda Fit ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံး၊ မိခင်နှင့်အဒေါ်ဖြစ်သူတို့ ထိခိုက်မှုမရှိ

(မှုခင်း) နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီခန့်က ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂) နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိခင်နှင့် အဒေါ်ဖြစ်သူတို့ကို တင်ဆောင်ကာ ခဲရောင် Honda Fit မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် နယ်မြေ (၁၂)၊ အောင်မြေ (၁) လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏လက်ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် မိခင်နှင့် အဒေါ်ဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် သေဆုံးသူယာဉ်မောင်းအပေါ် တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN