ကျောက်ဆည်ရေဘေးတွင် ပြည်ခိုင်ဖြိုးမှ အင်အား ၅၀ ကျော်ဖြင့်ပါဝင်ကူညီနေဟု တိုင်းပါတီပြော

(ပြည်တွင်း) စက်တင်ဘာ ၁၂

ကျောက်ဆည်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်းနှင့် ပန်းလောင်မြစ်အထက်ပိုင်းတို့တွင် မိုးရွာသွန်းမှုများပြားခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ ဇော်ဂျီမြစ်ကြောင်း အနိမ့်ပိုင်းများသို့ ရေ၀င်နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါမြစ်ရေများသည် စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းအချိန်မှစတင်၍ ကင်းတားဆည်မှ စီးဆင်းလာသော ပန်းလောင်မြစ်ရေ မြင့်တက်လာပြီး မြစ်ကြောင်းတလျှောက်ရှိ ရွှေအင်း၊မြေစို(ပါယ်)၊ပေတောကြီး၊မကျီးတော၊ရှမ်းသူငယ်၊အ‌‌နောက်သာဂရ၊ပန်းခွာ၊ပနန်၊ကျီးပြ၊သင်ပျို၊အနောက်ငါးဆူ ကျေးရွာများတွင် (၂)မှ (၅)ပေခန့်အထိ ရေ၀င်ရောက်ခဲ့သည်။

အဆိုပါရေဝင်ရောက်သည့် ကျေးရွာများအား သက်ဆိုင်​ရာ ဒေသအာဏာပိုင်များ ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ပြည်ခိုင်ဖြိုးပါတီမှလည်း ၎င်းတို့နှင့်ပူးပေါင်းကာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ကယ်ဆည်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီထံမှသိရသည်။

“ကျောက်ဆည်မှာအဖွဲ့ ၃ ဖွဲ့ခွဲပြီး ရေစဝင်တဲ့အချိန်ကနေစပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ ရေဝင်နစ်မြုပ်မှုတွေဖြစ်တာနဲ့ ချက်ချင်းစုဖွဲ့ပြီးကူညီမှုတွေစလုပ်တယ်။ နောက်တစ်နေ့မှာ အင်အားထပ်ဖြည့်ပြီးလုပ်နေတယ်။ခုချိန်ထိ သက်ဆိုင်ရာတာ၀န်ရှိသူတွေနဲ့ပူးပေါင်းပြီး ကူညီမှုတွေလုပ်ပေးနေပါတယ်။ ရေကျတဲ့အချိန်ထိ ပြုလုပ်ပေးသွားမှာပါ” တိုင်းဒေသကြီးပါတီတာဝန်ရှိသူတစ်ဦးမှပြောသည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်ပူးပေါင်းပြီး ရေဘေးကူညီကယ်ဆယ်မှုများကို အဖွဲ့(၃)ဖွဲ့ခွဲကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဖွဲ့ (၁)တွင် မြို့နယ်ကော်မတီ၀င် ဦး၀င်းနိုင်ဦး ဦးစီး၍ ပြည်ခိုင်ဖြိုးလူငယ်ပါတီဝင် ၁၅ဦး၊ အဖွဲ့(၂)တွင် မြို့နယ်ကော်မတီ၀င် ဒေါ်ထက်ထက်ကို ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်အမာခံအဖွဲ့၀င် ၂၅ဦး အဖွဲ့ (၃) တွင်မြို့နယ်ကော်မတီ၀င် ဦးခင်မောင်၀င်းဦးဆောင်သော ပါတီဝင် ၂၀ ကျော်ဖြင့် ကူညီပေးနေကြောင်း သိရသည်။

“အဖွဲ့ (၁) က တပ်မတော်၊ ထွေအုပ်၊ မီးသတ်၊ကြက်ခြေနီတပ်ဖွဲ့တွေနဲ့ အတူ စက်လှေ ၃စီးနဲ့ အနောက်သာဂရအုပ်စုမှာရှိတဲ့ ရှမ်းသူငယ်ကျေးရွာက ရေနစ်မြုပ်ပြည်သူတွေကို ရေလွတ်ရာနေရာနေရာတွေကို လူနဲ့ပစ္စည်းတွေကို ပို့ဆောင်ပေးနေသလို အဖွဲ့ ၂ က အနောက်ငယ်တိုးကျေးရွာ အဖွဲ့ ၃ က မြို့နယ်သဘာ၀ဘေးကာကွယ်ရေးအဖွဲ့၀င်တွေနဲ့အတူ မြို့ပေါ် ရေ၀င်ရပ်ကွက်တွေနဲ့ သံရွာ၊ ကုလ၊ကျားကာကျေးရွာတွေက ရေရှောင်စခန်းတွေကို သွားရောက်ပြီး လိုအပ်တာတွေလုပ်နေပါတယ်” မြို့နယ်ပါတီတာဝန်ရှိသူတစ်ဦးမှပြောသည်။

မုန်တိုင်း ယာဂီအရှိန်ကြောင့် နိုင်ငံအနှံ့အပြား မိုးရွားသွန်းသည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း ၊ ပျော်ဘွယ် ၊ ကျောက်ဆည် ၊ ညောင်ဦး စသည့် မြို့နယ်များရှိ ကျေးရွာများတွင် ရေကြီးနစ်မြှုပ်မှုများကြုံတွေ့နေရကြောင်း သိရသည်။

#PAN