(နိုင်ငံတကာ)ဩဂုတ် ၈

ဟားမတ်စ် အကြီးအကဲတစ်ဦးဖြစ်သည့် အစ္စမေး ဟားနီးယေးကို လုပ်ကြံလိုက်သည်ဟု အစ္စရေး က အမေရိကန်ကို သတင်းပေးခဲ့ကြောင်း သတင်းအရင်းအမြစ်များက Washington Post သတင်းဌာနကို ပြောသည်။
ဟားမတ်စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ညှိနှိင်းရေးမှူးချုပ်ဖြစ်သည့် နိုင်ငံရေးဗျူရို ခေါင်းဆောင် အစ္စမေး ဟားနီးယေးသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အီရန်နိုင်ငံ၌ရှိနေစဉ် လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။
ယင်းသို့ ဟားမတ်စ်အကြီးအကဲ လုပ်ကြံခံလိုက်ရပြီဟူသော သတင်းကို ကြားချိန်တွင် အမေရိကန် တာဝန်ရှိသူများသည် အံ့ဩရသည့်အပြင် စိတ်ဆိုးကြောင်း အမေရိကန်အစိုးရအဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်း က Washinton Post သတင်းဌာနကို ပြောသည်ဟု ထိုသတင်းဌာနက ဩဂုတ်လ ၇ ရက်တွင်ဖော်ပြထားသည်။
အစ္စရေး၏ ထိုကဲ့သို့လုပ်ကြံမှုသည် အမေရိကန် ဦးစီး၍ ဆောင်ရွက်နေသည့် ဂါဇာ၌ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းအောင်မြင်မှု ရရှိမည့်အခြေအနေကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြော သည်။
ထို့ကြောင့် နောက်ကွယ်တွင် အမေရိကန်နှင့်အစ္စရေးတို့ကြား ဆက်ဆံရေးမှာ ပွတ်တိုက်မှုများပင် ဖြစ်ပေါ်နေသည်ဟု အဆိုပါသတင်းအရင်းအမြစ်က ဆက်ပြောသည်။
ထိုပြင် အစ္စမေး ဟားနီးယေး လုပ်ကြံခံရပြီးနောက် မကြာမီ အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတိုကြား တယ်လီဖုန်းပြောဆိုမှုသည် အနည်းငယ်တင်းမာမှုများ ရှိသည်ဟု အစ္စရေး တာဝန်ရှိသူတစ်ဦးက ပြောထားသည်။
ဟားမတ်စ်အကြီးအကဲကို လုပ်ကြံခြင်းသည် အစ္စရေး နိုင်ငံ၏ လက်ချက်ဖြစ်ကြောင်း အီရန်နှင့်ဟားမတ်စ်အဖွဲ့တို့က ပြောသော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ထိုပြောဆိုချက်ကို အတည်ပြုထားခြင်းမရှိသကဲ့သို့ ငြင်းဆိုထားခြင်းလည်း မရှိသည်ကို တွေ့ရသည်။
အစ္စမေး ဟားနီးယေး လုပ်ကြံခံရပြီးနောက် ဟားမတ်စ်အဖွဲ့က ဟားနီးယေး၏နေရာ၌ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်သူ ယာယားဆင်းဝါကို ခန့်အပ်လိုက်သည့်အတွက် ဒေသတွင်းတင်းမာမှုများ ပိုမိုမြင့်တက် လာဖွယ်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
PAN
#SZ