နေ့ရက်တိုင်းက သိမြင်မှုကို အစစ်ဆေးခံနေရသည့်နေ့ ဖြစ်နေကြောင်း ဂျိုးဘိုင်ဒင် ပြော


(နိုင်ငံတကာ) ဇူလိုင် ၈

နေ့ရက်တိုင်းသည် ၎င်းအတွက် သိမြင်မှုကို အစစ်ဆေးခံနေရသည့်နေ့ ဖြစ်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ABC News သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

ဂျိုးဘိုင်ဒင် အနေဖြင့် ဒေါ်နယ်ထရမ့် နှင့် စကားစစ်ထိုးပွဲတွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ သမ္မတ တစ်ဦး၏ တာဝန်ကို မထမ်းဆောင်နိုင်တော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။

စကားစစ်ထိုးပွဲတွင် အရှုံးကြီးရှုံးခဲ့ရခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အမှားမဟုတ်ဘဲ ၎င်းကိုယ်တိုင်၏ အမှားကြောင့်သာဖြစ်ကြောင်း အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျိုးဘိုင်ဒင် ကပြောသည်။

ထို့ပြင် စကားစစ်ထိုးပွဲအပြီးတွင် ဂျိုးဘိုင်ဒင် အနေဖြင့် ပင်ပန်းနွမ်းနယ်ကာ အအေးမိသွားကြောင်းနှင့် ထိုအခြေအနေသည် ဆိုးဝါးသောဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းနောက် သတင်းဌာနက ဂျိုးဘိုင်ဒင် အနေဖြင့် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ကို အနိုင်ရခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းရာ ဂျိုးဘိုင်ဒင် က ၎င်းသည်သာ သမ္မတရာထူးအတွက် အသင့်တော်ဆုံးသူ ဖြစ်ကြောင်းနှင့် လူကြိုက်များမှုထောက်ခံမဲတွင် ထရမ့်နောက်မှ လိုက်နေရသည်ဟု ညွှန်းဆိုနေသော ကိန်းဂဏန်း များကို မယုံကြည်ကြောင်း ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များက ၎င်းကို သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုလာလျှင် နုတ်ထွက်လိုခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ သတင်းဌာနကမေးမြန်းရာ ဂျိုးဘိုင်ဒင် က ဘုရားသခင်အနေဖြင့် ထိုသို့တောင်းဆိုလာမှသာ နုတ်ထွက်မည်ဟု တုံပြန်ဖြေဆိုခဲ့သည်။

ဂျိုးဘိုင်ဒင် နှင့် ထရမ့် တို့ကြား ပထမအကျော့ စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင် ၏ အခြေအနေများကြောင့် ၎င်းကို ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိလာကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ