ယူကေဝန်ကြီးချုပ်သစ် Keir Starmer က ၎င်း၏ ဝန်ကြီးအဖွဲ့တွင် ပါဝင်လာမည့်သူအချို့အား ကြေညာ

(နိုင်ငံတကာ) ဇူလိုင် ၆

ကွန်ဆာဗေးတစ်တို့၏ ၁၄ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်ပြီးနောက် ဗဟိုလက်ဝဲယိမ်း လေဘာပါတီက အပြတ်အသတ်အနိုင်ရခဲ့ကာ ယူကေ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာသော Keir Starmer သည် ၎င်း၏ဝန်ကြီးအဖွဲ့တွင် ပါဝင်မည့်သူအချို့ကို ကြေညာခဲ့သည်။

သောကြာနေ့ (ဇူလိုင်လ ၅ ရက်) တွင် Starmer သည် Rachel Reeves အား ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ၎င်းမှာ ယူကေသမိုင်းတွင် ၎င်းရာထူးကိုတာဝန်ယူသည့် ပထမဆုံးအမျိုးသမီး ဖြစ်လာသည်။

ကလေးစစ်တုရင်ချန်ပီယံဟောင်းဖြစ်သလို Bank of England ၏ စီးပွားရေး ပညာရှင်လည်းဖြစ်သည့် Rachel Reeves သည် ခိုင်မာသောဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို ပြသခဲ့ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်စေရမည်ဟု ကတိပြုခဲ့သည်။

စတားမာသည် ပါလီမန်အမတ် David Lammy ကို နိုင်ငံခြားရေး အတွင်းဝန်အဖြစ် ခန့်အပ်ခဲ့သည်။ Guyanese ရွှေ့ပြောင်းနေထိုင်သူများမှ မွေးဖွားလာသူ Lammy သည် ၂၀၀၀ ပြည့်နှစ်ကတည်းက ပါလီမန်တွင် ကိုယ်စားပြုခဲ့ပြီး လန်ဒန်မြောက်ပိုင်းရှိ Tottenham တွင် ကြီးပြင်းခဲ့သည်။

Lammy သည် အသက် ၂၇ နှစ်တွင် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသည့် အသက်အငယ်ဆုံး ပါလီမန်အမတ် ဖြစ်ခဲ့သည်။

ထို့ပြင် တိုနီဘလဲနှင့် ဂေါ်ဒွန်ဘရောင်းတို့၏ အစိုးရများ လက်ထက်တွင် အမှုထမ်းခဲ့သည့် အတွေ့အကြုံများလည်းရှိသည်။

နိုင်ငံခြားရေးဝန်ကြီးရာထူး ခန့်အပ်ခံရပြီးနောက် ၎င်းက ဂါဇာစစ်ပွဲတွင် “ချက်ခြင်းအပစ်အခတ်ရပ်စဲရေး” ရရှိရန်နှင့် ကျန်ရှိနေသော ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှု များကို ထောက်ခံကြောင်းပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် လေဘာပါတီ၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Angela Rayner က Starmer ၏ ဒုတိယဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

အသက် ၄၄ နှစ် အရွယ်ရှိပြီဖြစ်သောသူမသည် ခက်ခဲသောသူမ၏ ဘဝအကြောင်းကို မကြာခဏပြောလေ့ရှိပြီး ဆင်းရဲနွမ်းပါးသောအများပြည်သူအိမ်ရာတွင် ကြီးပြင်းလာကာ ငယ်ငယ်ရွယ်ရွယ်ဖြင့် မိခင်ဖြစ်ခဲ့ရ သောကြောင့် ကျောင်းမှ စောစီးစွာထွက်ခွာခဲ့ရကြောင်းသိရသည်။

သူမသည် ပါလီမန်အမတ် အဖြစ် တာဝန်ထမ်းဆောင်ခြင်းမပြုမီက အလုပ်သမားသမဂ္ဂတာဝန်ရှိသူအဖြစ် အသက်မွေး ဝမ်းကြောင်းပြုခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လေဘာပါတီမှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်း၏ ဝန်ကြီးအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Yvette Cooper သည် ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ထို့ပြင် Lisa Nandy ကို ယဉ်ကျေးမှုဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ John Healey ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး Shabana Mahmood ကို တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

Wes Streeting ကို ကျန်းမာရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကာ Bridget Phillipson ကို ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်ကြားတွင် လေဘာပါတီခေါင်းဆောင်ဟောင်းဖြစ်ခဲ့သလို အတိုက်အခံ ခေါင်းဆောင် ဖြစ်သည့် Ed Miliband ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ လူစီပါဝဲလ်သည် အောက်လွှတ်တော်ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ယ


တင်ဇာ

#PAN