သုခဒဂုံအိမ်ရာနေထိုင်ခွင့် တစ်ပတ်အတွင်း မဲနှိုက်မည်

နိုဝင်ဘာ ၈

       ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရသူတွေကို နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ မဲနှိုက်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့အငှားအိမ်ရာနေရာချ ထားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက သိရပါတယ်။

       ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတင်သွင်းသူဦးရေ ၁၁,၀၀၀ ကျော်ရှိတဲ့အနက်မှ ပြန်လည်စိစစ်ပြီး အချက် အလက်နဲ့ ကိုက်ညီသူဦးရေ ၆,၇၈၇ ယောက်က အခန်းပေါင်း ၁,၉၆၈ ခန်းအတွက် မဲနှိုက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မဲနှိုက်ခွင့်ရရှိတဲ့သူတွေစာရင်းကို မိမိတို့လျှောက်လွှာတင်ခဲ့တဲ့မြို့နယ်ရုံးတွေမှာ နိုဝင်ဘာလ ၂ ရက် ကနေစတင်ပြီး သွားရောက်ကြည့်ရှုစုံစမ်းနိုင်တယ်လို့ သိရပါတယ်။

        မဲနှိုက်မယ့်သူများအနေနဲ့ မှတ်ပုံတင်နဲ့ သန်း ခေါင်စာရင်းတွေ ယူဆောင်လာရမှာဖြစ်ပြီး သက် ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူများနှင့် လာရောက်နိုင်ခြင်းမရှိသူများက ကိုယ်စား လှယ်လွှဲစာနှင့်အတူ ကိုယ်စားလှယ်တစ်ဦး လာရောက်မဲနှိုက်လို့ ရတယ်လို့ သိရပါတယ်။

       မဲပေါက်သူတွေဟာ နိုဝင်ဘာလ ၂၀ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်အတွင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာရုံး မှာ အိမ်ငှားစာချုပ်ချုပ်ဆိုတာတွေနဲ့ အိမ်လခပေးသွင်းတာတွေ လာရောက်ဆောင်ရွက်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက် ကစတင်ကာ မိမိတို့မဲပေါက်ထားတဲ့အခန်းမှာ တက်ရောက်နေထိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအသုတ်အဖြစ် ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာတွေ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN