(မှုခင်း) နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာယာဉ်ရပ်နားဝင်းအတွင်း အသက် ၃၀ ခန့်အရွယ် အမည်မသိအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်က နယ်မြေလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေတာဝန်ခံရုံးမှ တာဝန်ရှိသူများသည် အောင်မင်္ဂလာယာဉ်ရပ်နားဝင်းအတွင်း စက်မှုလမ်း (မ) ဌ/၄၇ အလုပ်ရုံရှေ့၌ အဆိုပါအမျိုးသားကို လုံခြုံရေးကင်းတဲအား မှီလျက် ငုတ်တုပ်အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တွေ့ရှိချိန်တွင် အမျိုးသားမှာ သေဆုံးနေပြီဖြစ်ပြီး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး အမည်နှင့် အခြားကိုယ်ရေးအချက်အလက်များကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ကြယ်စင်မေတ္တာပရဟိတအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN