မူးယစ်ဆေးသုံးစွဲသူဟု မှားယွင်းစွပ်စွဲခံခဲ့ရသည့် မော်လမြိုင်တက္ကသိုလ်ရှေ့မှ အမျိုးသမီးငယ်ကို အုပ်ထိန်းသူထံ ပြန်လည်အပ်နှံ

(ပြည်တွင်း) နိုဝင်ဘာ ၁၆

မော်လမြိုင်တက္ကသိုလ်ရှေ့တွင် စိတ်အခြေအနေမူမမှန်သည့် ပုံစံဖြင့် တွေ့ရှိခဲ့ရာမှ မူးယစ်ဆေးသုံးစွဲထားသည်ဟု လူမှုကွန်ရက်တွင် မှားယွင်းစွပ်စွဲမှုများ ပျံ့နှံ့ခဲ့သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို ဆေးကုသမှုပေးပြီးနောက် မိသားစုအုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးငယ်ကို နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီခန့်က မော်လမြိုင်တက္ကသိုလ်ရှေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက်ကူညီခဲ့ကြသည်။ ထိုစဉ် အမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် သိရှိသူများ ပြန်လည်ဆက်သွယ်နိုင်ရန် လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့ရာ ၎င်း၏အခြေအနေကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အပေါ် အခြေခံ၍ မူးယစ်ဆေးသုံးစွဲထားခြင်းဖြစ်သည်ဟု မှားယွင်းယူဆမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အမှန်မှာ မူးယစ်ဆေးသုံးစွဲမှုကြောင့် အသိစိတ်လွတ်နေခြင်းမဟုတ်ဘဲ စိတ်ရောဂါအခြေအနေ ပြန်လည်ထဖောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။ အမျိုးသမီးငယ်မှာ မသန်းသန်းစိုး (၂၂ နှစ်) ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အထက်ကုန်းရွာဇာတိဖြစ်ကာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ရှိ BOSS KTV တွင် ယခင်က အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

မိသားစုဝင်များ၏ ပြောပြချက်အရ ၎င်းသည် ယခင်ကလည်း စိတ်ရောဂါထဖောက်မှု လေးကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးပြီး စိတ်ရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ဖူးကြောင်း၊ စိတ်အခြေအနေကောင်းမွန်ချိန်တွင်လည်း နေအိမ်၌မနေဘဲ အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။ ဖြစ်စဉ်မဖြစ်ပွားမီ တစ်လခန့်ကလည်း BOSS KTV မှ အလုပ်ထွက်ခဲ့ပြီးနောက် ပြင်ပတွင် သီးခြားနေထိုင်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးငယ်ကို ကူညီဆောင်ရွက်ပေးခဲ့သူ ကိုဇင်မိုး၏ ပြောကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့က မေးမြန်းစဉ် ယခင်က BOSS KTV တွင် အလုပ်လုပ်ခဲ့ဖူးကြောင်း သိရှိခဲ့သဖြင့် ဆိုင်သို့ ဆက်သွယ်ခဲ့ရာ ဆိုင်မန်နေဂျာနှင့် သူငယ်ချင်းများ ရောက်ရှိလာပြီး ဆေးကုသမှုခံယူနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အုပ်ထိန်းသူများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ခဲ့ပြီး ဆေးကုသမှုကုန်ကျစရိတ်အားလုံးအပြင် နေရပ်ပြန်ခရီးစရိတ်အဖြစ် ငွေကျပ် ၅ သိန်းကိုလည်း BOSS KTV ဘက်က ကူညီပေးခဲ့ကြောင်း ၎င်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

နောက်ဆုံးတွင် မော်လမြိုင်မြို့သို့ လာရောက်ခေါ်ဆောင်သည့် အမျိုးသမီးငယ်၏ ဦးလေးထံသို့ ဇေယျာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး၊ ဘိုဘိုဝင်းနှင့် ကူညီဆောင်ရွက်သူများက အသိသက်သေအဖြစ် ပါဝင်၍ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကူညီမှုတွင် အမျိုးသမီးငယ်အပေါ် မူးယစ်ဆေးသုံးစွဲသူဟု မှားယွင်းစွပ်စွဲမှုများကြောင့် ထိခိုက်ခဲ့ရသည့် ဂုဏ်သိက္ခာနှင့် မိသားစု၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ဖြစ်စဉ်အမှန် ပြန်လည်ရှင်းလင်းတင်ပြရန် ရည်ရွယ်ခဲ့ကြောင်း ကိုဇင်မိုးက ပြောကြားထားသည်။

Telegram – t.me/positiveanglenews

#PAN