(လွှတ်တော်) နိုဝင်ဘာ ၁၇
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေများကို ကြိုတင်လေ့လာထားကြရန် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပူးပေါင်းကော်မတီဝင်များကို တိုက်တွန်းပြောကြားခဲ့သည်။
ဦးအောင်လင်းဒွေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) ပါ အချက်များကို လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီဝင်များနှင့် နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဒုတိယထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ၏ သဝဏ်လွှာပါ အချက်များကို ဆက်လက်အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) ပါ အချက်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးသဘောတူထားသည့် အချက် ၄၃ ချက်ကို လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း နာယကက ပြောကြားခဲ့သည်။
ယင်းအချက်များကို နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ပြဋ္ဌာန်းချက်များအဖြစ် ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် ပူးပေါင်းကော်မတီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှု၍ အပြန်အလှန်လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဆွေးနွေးကြရန်လည်း နာယကက တိုက်တွန်းခဲ့သည်။
ကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကို ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့၌ ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။
ယင်းနောက် ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ စုစုပေါင်း ၉၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN