လွှတ်တော်တွင် မေးခွန်းနှင့် အဆိုမတင်သည့် ကိုယ်စားလှယ် ၂၂ ဦးရှိဟု ဦးခင်ရီ ပြောကြား

(လွှတ်တော်) နိုဝင်ဘာ ၁၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ မေးခွန်းများနှင့် အဆိုများ မေးမြန်းတာတွေ မလုပ်သည့်် လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။ “တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ဒီနေ့အထိ ကြည်ပွင့်ပြ ကြယ်ပွင့်မပြ မေးမြန်းတာတွေနဲ့ အဆိုတင်သွင်းတာတွေ ရှိပါတယ် ဒါတွေနဲ့ပတ်သက်ပြီး လုံးဝအလုပ်ရသေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရပါတယ်” ဟု ယနေ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့၌ နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ဦးခင်ရီက ပြောကြားလိုက်ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ တာဝန်နှင့် အခွင့်အရေးများကို အချိန်ရှိခိုက် အမိအရအသုံးချကြရန် တိုက်တွန်းခဲ့သည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်တွင် ကိုယ်စားလှယ်များအနေဖြင့် သွားလာနိုင်သည့် မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းပြီး မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့အသံများကို နားထောင်ဆွေးနွေးကြရန်လည်း ဦးခင်ရီက တိုက်တွန်းခဲ့သည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရန်ခက်ခဲသည့် ဒေသများရှိပါက လူကိုယ်တိုင် မရောက်ရှိနိုင်သော်လည်း မီဒီယာနည်းလမ်းများမှတစ်ဆင့် ပြည်သူများနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံကြရန် အကြံပြုခဲ့သည်။

ကွင်းဆင်းတွေ့ဆုံမှုများမှတစ်ဆင့် သိရှိရသည့် ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒများကို လွှတ်တော်အတွင်း မေးခွန်းများ၊ အဆိုများအဖြစ် ပြန်လည်တင်ပြပြီး ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချကြရန်လည်း အလေးအနက် မှာကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး စုစုပေါင်း ၂၉ ရက် ကျင်းပခဲ့ကာ နိုဝင်ဘာ ၁၆ ရက်တွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN