
(ပြည်တွင်း) စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရော်ယယ်ခတ္တာဟိုတယ် (Royal Khattarya Hotel) သည် လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီတာအား သိမ်းဆည်းကာ တာဝန်ရှိသူများအား လျှပ်စစ်ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ် (၂၃) ရှိ ရော်ယယ်ခတ္တာဟိုတယ်သည် လျှပ်စစ်မီး တရားမဝင် ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ မီးခိုးယူမှုကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေအတိုင်း အရေးယူနိုင်ရန် ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်နှင့် မန်နေဂျာ ဦးနေမင်းအောင်တို့ ၃ ဦးအား စမ်းချောင်းမြို့မရဲစခန်း၌ (ပ)၃၉၉/၂၀၂၆ ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်းသိရသည်။
လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာ အဆင့်မြှင့်တင်မှုများကြောင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်လာနိုင်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ခိုးယူမှုများ တွေ့ရှိပါက Call Center များသို့ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။