TikTok တည်ထောင်သူ ကျန်းယိမင် အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

(စီးပွားရေး) စက်တင်ဘာ ၁၇

TikTok ကို ဖန်တီးခဲ့သည့် ByteDance ကုမ္ပဏီ၏ တည်ထောင်သူ ကျန်းယိမင်သည် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာပြီဖြစ်ကြောင်း Bloomberg Billionaires Index ၏ အချက်အလက်များအရ သိရသည်။

အသက် ၄၃ နှစ်အရွယ် ကျန်းယိမင်၏ ပိုင်ဆိုင်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလျံကျော်အထိ မြင့်တက်လာခဲ့ပြီး အိန္ဒိယဘီလျံနာ စီးပွားရေးသမား ဂေါ်တမ်အဒါနီ၏ ပိုင်ဆိုင်မှုထက် ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။

Bloomberg က ကျန်းယိမင်၏ ကြွယ်ဝမှုကို စတင်မှတ်တမ်းတင်ခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လတွင် ၎င်း၏ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ရှစ်ဆခန့်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ကျန်းယိမင်၏ ကြွယ်ဝမှု မြင့်တက်လာရာတွင် TikTok ကမ္ဘာတစ်ဝန်း လူသုံးများလာခြင်းအပြင် ByteDance က AI နည်းပညာကဏ္ဍသို့ တိုးချဲ့ဝင်ရောက်လာခြင်းကလည်း အဓိကအထောက်အကူပြုခဲ့ကြောင်း သိရသည်။

ByteDance ၏ AI လုပ်ငန်းများတွင် လူသုံးများလာသည့် Doubao AI chatbot နှင့် ဗီဒီယိုများ ဖန်တီးပေးနိုင်သည့် Seedance တို့ ပါဝင်သည်။
ထို့အပြင် အမေရိကန်တွင် TikTok အသုံးပြုခွင့် ပိတ်ပင်ခံရနိုင်သည်အထိ ဖြစ်ပေါ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အငြင်းပွားမှုများကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ကျန်းယိမင်၏ ကြွယ်ဝမှုမှာ ဆက်လက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ByteDance သည် TikTok နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပေါ်ခဲ့သည့် ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများကိုလည်း တဖြည်းဖြည်း ကျော်လွှားနိုင်ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် TikTok ၏ အမေရိကန်လုပ်ငန်းအချို့ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများထံ လွှဲပြောင်းပေးခဲ့သည်။

ကျန်းယိမင်၏ ပိုင်ဆိုင်မှုသည် ယခု စက်တင်ဘာလအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ထပ်မံမြင့်တက်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် AI နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကြောင့် တရုတ်နိုင်ငံတွင် ဘီလျံနာအသစ်များလည်း ပေါ်ပေါက်လာနေပြီး အချို့မှာ ၎င်းတို့၏ ကုမ္ပဏီများ အမြတ်အစွန်း မရရှိသေးသည့်တိုင် ဘီလျံနာများ ဖြစ်လာကြကြောင်း သိရသည်။

ယင်းအခြေအနေသည် AI နည်းပညာတိုးတက်မှုနှင့် ဆက်စပ်သည့် ဘီလျံနာများ၏ ကြွယ်ဝမှုတိုးတက်နှုန်းသည် ရိုးရာစီးပွားရေးလုပ်ငန်းများမှ စုဆောင်းရရှိသည့် ကြွယ်ဝမှုများထက် ပိုမိုမြန်ဆန်လာနေကြောင်း ပြသနေသည်။

တရုတ်နိုင်ငံသည် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နေပြီး နည်းပညာကဏ္ဍတွင် ကမ္ဘာ့သြဇာလွှမ်းမိုးမှု ရရှိရေးအတွက် အမေရိကန်နိုင်ငံနှင့် အပြိုင် ကြိုးပမ်းလျက်ရှိသည်။