ICC မှ နှုတ်ထွက်ရန် ကြေညာသည့်နိုင်ငံ ၅ နိုင်ငံအထိရှိလာ၊ အမေရိကန်၏ ဖိအားများနှင့် တရားရုံးအတွင်း ခေါင်းဆောင်မှုအပြောင်းအလဲများကြား ဆက်တိုက်ဖြစ်ပေါ်

(နိုင်ငံတကာ) စက်တင်ဘာ ၁၂

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ရန် ကြေညာထားသည့် နိုင်ငံအရေအတွက်မှာ မကြာသေးမီက ဗင်နီဇွဲလားနှင့် ချဒ်နိုင်ငံတို့ပါ ထပ်မံကြေညာခဲ့ပြီးနောက် ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာနိုင်ငံတို့အပါအဝင် စုစုပေါင်း ၅ နိုင်ငံအထိ ရှိလာကြောင်း သိရသည်။

အဆိုပါနိုင်ငံများ၏ ရောမဥပဒေ (Rome Statute) မှ နုတ်ထွက်မှုများသည် သက်ဆိုင်ရာနိုင်ငံများက ကုလသမဂ္ဂသို့ တရားဝင်အကြောင်းကြားပြီးနောက် တစ်နှစ်အကြာတွင် အကျိုးသက်ရောက်မည်ဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံက ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ICC မှ နုတ်ထွက်ရန် တရားဝင်စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဖဲလစ် ပလာဆန်စီယာက ICC သည် နိုင်ငံများအကြား မညီမျှမှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် နိုင်ငံများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အချုပ်အခြာအာဏာကို လျစ်လျူရှုရန် အသုံးချခံနေရသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ချဒ်နိုင်ငံကလည်း ဇူလိုင် ၂၇ ရက်တွင် ရောမဥပဒေမှ နုတ်ထွက်ရန် ကုလသမဂ္ဂသို့ အကြောင်းကြားခဲ့ပြီး ICC ၏ လုပ်ဆောင်မှုများသည် အာဖရိကနိုင်ငံများအပေါ် မညီမျှစွာ အာရုံစိုက်နေသည်ဟု ဝေဖန်ထားသည်။

ယင်းမတိုင်မီ ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာတို့ကလည်း ICC မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ICC ၏ Assembly of States Parties က ယင်းနိုင်ငံများ၏ ဆုံးဖြတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ICC ရှေ့နေချုပ် Karim Khan ရာထူးမှ ဖယ်ရှားခံရနိုင်ငံများ၏ နုတ်ထွက်ရန် ကြေညာမှုများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ICC အတွင်းပိုင်း၌လည်း ခေါင်းဆောင်မှုဆိုင်ရာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

ICC Assembly of States Parties သည် ဇူလိုင် ၂၄ ရက်တွင် ယခင် ICC ရှေ့နေချုပ် Karim Khan ကို ပြင်းထန်သည့် စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုများရှိသည်ဟု ဆုံးဖြတ်ကာ ရာထူးမှ ဖယ်ရှားခဲ့သည်။

Khan သည် ၂၀၂၅ ခုနှစ် မေလကတည်းက ခွင့်ယူထားခဲ့ပြီး ဒုတိယရှေ့နေချုပ်များက ရုံး၏ လုပ်ငန်းများကို ဆက်လက်ဦးဆောင်ခဲ့ကြောင်း ICC က ထုတ်ပြန်ထားသည်။

အမေရိကန်က ICC အရာရှိ ၂ ဦးကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ထို့အပြင် အမေရိကန်အစိုးရက ဩဂုတ် ၁၈ ရက်တွင် ICC ဥက္ကဋ္ဌ တိုမိုကို အကာနေး (Tomoko Akane) နှင့် ICC အကြီးတန်းတရားစွဲဆိုရေးရှေ့နေ အဘ်ဒူလာယေး ဆေး (Abdoulaye Seye) တို့ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

ICC က အဆိုပါပိတ်ဆို့မှုများသည် လွတ်လပ်၍ ဘက်မလိုက်သည့် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်း၏ လွတ်လပ်မှုအပေါ် တိုက်ခိုက်မှုဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

အမေရိကန်ဘက်ကမူ ICC သည် အမေရိကန်နှင့် အစ္စရေးကဲ့သို့ ရောမဥပဒေတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံများ၏ အရာရှိများအပေါ် စီရင်ပိုင်ခွင့်ကို ကျော်လွန်အသုံးပြုနေသည်ဟု ဝေဖန်ထားသည်။

ယူကရိန်းက ICC အဖွဲ့ဝင်သစ်အဖြစ် ပါဝင်နိုင်ငံအချို့က ICC မှ နုတ်ထွက်ရန် ဆောင်ရွက်နေချိန်တွင် ယူကရိန်းနိုင်ငံကမူ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရောမဥပဒေ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ဝင်ရောက်ခဲ့ပြီး ICC ၏ ၁၂၅ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

ယူကရိန်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍ ၎င်း၏ နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတကာပြစ်မှုများအပေါ် ICC ၏ စီရင်ပိုင်ခွင့်ကို ယခင်ကတည်းက လက်ခံထားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ရောမဥပဒေ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံအချို့က ICC မှ နုတ်ထွက်ရန် ဆက်တိုက်ကြေညာနေခြင်း၊ ICC ရှေ့နေချုပ်ဟောင်း ရာထူးမှ ဖယ်ရှားခံရခြင်းနှင့် အမေရိကန်၏ ICC အရာရှိများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လာခြင်းတို့ကြောင့် နိုင်ငံတကာပြစ်မှုများအတွက် တာဝန်ယူမှုနှင့် နိုင်ငံတကာတရားစီရင်ရေးစနစ်၏ အနာဂတ်အပေါ် ဆွေးနွေးမှုများ ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။