လက်ပံတန်းတွင် ၁၂ ဘီးယာဉ်က လမ်းဘေးရပ်ထားသည့် ၆ ဘီးယာဉ်ကို ဝင်တိုက်၊ လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် (၉၁/၁) နှင့် (၉၁/၂) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ISUZU (၁၂) ဘီးယာဉ်သည် လမ်းဘေးတွင် ရပ်ထားသည့် TOYOTA DYNA (၆) ဘီးယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုသတင်းရရှိသဖြင့် လက်ပံတန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ISUZU (၁၂) ဘီးယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် TOYOTA DYNA (၆) ဘီးယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။

အမျိုးသမီး ၁ ဦးမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူအား လက်ပံတန်းမြို့နယ် နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။