
(ပြည်တွင်း) စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း မဟာဓာတ်အားလိုင်းစနစ်ဖြင့် ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် ၆၆ ကေဗွီ သံဖြူဇရပ်-ရေး ဓာတ်အားလိုင်း ၅၂.၆ မိုင်အနက် လက်ကျန် ၁၄.၉၃ မိုင်၏ ကြိုးဆွဲလုပ်ငန်းများကို နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်သည့်အချိန်တွင် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်သို့ ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးဇော်မြင့်က “မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးသည့် မဟာဓာတ်အားလိုင်း ၅၂.၆ မိုင်အနက် လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိသည့် ၁၄.၉၃ မိုင်အား မည်သည့်ကာလ၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်နှင့် သံဖြူဇရပ်-ရေး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၂.၆ မိုင် တည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်သူများ၏ လျော်ကြေးငွေများအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပေးချေသွားမည်ကို သိရှိလိုခြင်း” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းမေးခွန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သံဖြူဇရပ်-ရေး ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ရေးဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၆၆ ကေဗွီ သံဖြူဇရပ်-ရေး ဓာတ်အားလိုင်း စုစုပေါင်း ၅၂.၆ မိုင်အနက် ၃၇.၆၇ မိုင်၏ ဖောင်ဒေးရှင်းနှင့် တိုင်ဆင်လုပ်ငန်းများအားလုံးအပြင် သံဖြူဇရပ်မြို့နယ်အပိုင်းရှိ ကြိုးဆွဲလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြေကြားထားသည်။
သို့သော် ကျန်ရှိနေသည့် ရေးမြို့နယ်အပိုင်း ၁၄.၉၃ မိုင်၏ ကြိုးဆွဲလုပ်ငန်းများကို နယ်မြေလုံခြုံရေးအခြေအနေအရ ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေ ကောင်းမွန်သည့်အချိန်တွင် လက်ကျန်ကြိုးဆွဲလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူ ၁၅၁ ဦး၏ သီးနှံလျော်ကြေးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပေးချေမည်ဓာတ်အားလိုင်းတည်ဆောက်ရာတွင် လိုင်းအူကြောင်းတစ်လျှောက် ပါဝင်သွားသည့် တောင်သူ ၁၅၁ ဦး၏ သီးနှံလျော်ကြေးငွေများကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်တွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သီးနှံလျော်ကြေးများအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပြီး သက်ဆိုင်ရာတောင်သူများထံ ပေးလျော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖြေကြားထားသည်။