
(ပြည်တွင်း)ဇွန် ၁၇
ပြည်တွင်း၌ တစ်ရက်ထက်တစ်ရက် တိုးမြင့်လာနေသည့် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်ပမှ စွမ်းအင်တင်သွင်းရမှုကို လျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်ပိုင်း) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၂၂)တွင် မိုင်းဖောက်ဖောက်လုပ်ခြင်းလုပ်ငန်း (Perforation work)ကို အောင်မြင်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ပြီးနောက် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁.၄ သန်းခန့် ပိုမိုတိုးမြှင့်ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
MOGE သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မအူပင် (တောင်ပိုင်း) နယ်မြေရှိ တွင်းအမှတ် (၂၂)၏ သဘာဝ ဓာတ်ငွေ့သိုအောင်းရာ သဲလွှာတစ်ခုကို မိုင်းဖောက်ဖောက်လုပ်ခြင်းလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ခဲ့ရာမှ ယခု ကဲ့သို့ စွမ်းအင်အထွက်နှုန်း ထပ်မံတိုးတက်လာခဲ့ခြင်း ဖြစ် သည်။
ယခု တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့် သဘာဝဓာတ်ငွေ့များကို မြေသြဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံကြီးများနှင့် ရန် ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဆင့်မြင့်သဘာဝဓာတ် ငွေ့ (CNG) ဓာတ်ငွေ့ဖြည့်စခန်းများသို့ အချိုးကျ အဆင်ပြေစွာ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
MOGE အနေဖြင့် ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်(တောင်ပိုင်း)နှင့် စက္ကောဧရိယာများတွင် မြေငလျင်တိုင်းတာရေးလုပ်ငန်းများ (Seismic surveys)ကို အရှိန် အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ညောင်တုန်းနှင့် အဖျောက် ရေနံမြေများ၌လည်း သဘာဝဓာတ်ငွေ့သိုအောင်းနိုင်သည့် ပါးလွှာသော သဲလွှာများကို အသေးစိတ်လေ့လာဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။
ယခင်ကလည်း မအူပင်ရေနံမြေရှိ တွင်းအမှတ် ၁၈၊ ၂၀၊ ၁၆ နှင့် ၁၄ တို့တွင် မိုင်းဖောက်ဖောက်လုပ်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့မှုကြောင့် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၆.၈ သန်းခန့် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်များသို့ အောင် မြင်စွာ ပို့လွှတ်ဖြန့်ဖြူးပေးထားနိုင်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် “နိုင်ငံတော်၏ သဘာဝသယံဇာတများကို ပြည်သူတို့အတွက်” ဟူသော ဆောင် ပုဒ်နှင့်အညီ ပြည်ပမှ စွမ်းအင်တင်သွင်းရမှုအပေါ် မှီခိုနေရခြင်းကို တတ်နိုင်သမျှ လျှော့ချရန်နှင့် ပြည်တွင်းစွမ်းအင်သယံဇာတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရေတို၊ ရေ ရှည်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN