
(နိုင်ငံတကာ) ဇွန် ၁၉
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်သည် အီရန်နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) ကို ဆက်လက်ကာကွယ်ပြောဆိုလိုက်ပြီး၊ စစ်ပွဲကို ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်ဆင်နွှဲရန် ဝါရှင်တန်ကို ဖိအားပေးနေသည့် အစ္စရေးအစိုးရအား “လုံခြုံရေးပြဿနာတိုင်းကို လူ သတ်သည့်နည်းလမ်းဖြင့် ဖြေရှင်း၍မရကြောင်း” ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်လိုက်သည်။
ကြာသပတေးနေ့က ထုတ်ဝေခဲ့သည့် The New York Times သတင်းစာနှင့် အင်တာဗျူးတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်-အီရန် MoU အပေါ် ကန့်ကွက်နေကြသည့် အစ္စရေးအစိုးရ၏ လက်ယာစွန်းဝန်ကြီးများဖြစ်သော ဘီဇာရယ် စမော့ထရစ်ရှ်နှင့် အီတာမာ ဘန်ဂါဗီယာတို့၏ ပြောကြားချက်များကို ကိုးကား၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“သူတို့ကို ကျွန်တော် ပြန်မေးချင်တာက ခင်ဗျားတို့ရဲ့ တိကျတဲ့ အဆိုပြုချက်က ဘာလဲ? ခင်ဗျားတို့ဟာ လူဦးရေ ကိုးသန်းပဲရှိတဲ့ နိုင်ငံတစ်ခုပါ။ ခင်ဗျားတို့ဆီမှာရှိတဲ့ အမျိုးသားလုံခြုံရေးပြဿနာတိုင်းကို လူသတ်တဲ့နည်းလမ်းသက်သက်နဲ့ပဲ လိုက်ဖြေရှင်းနေလို့ မရပါဘူး” ဟု ဗန့်စ်က ပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲလမ်းကြောင်းကို အခွင့်အရေးပေးရန်နှင့် အစ္စရေး၏ ကာလရှည်မိတ်ဖက်ဖြစ်သော အမေရိကန်အစိုး ရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။
မကြာသေးမီရက်ပိုင်းကလည်း သမ္မတ ဒေါ်နယ်ထရမ်ပ်ကိုယ် တိုင် ပြင်သစ်နိုင်ငံ G7 ထိပ်သီးအစည်းအဝေး၌ အရပ်သားသေ ဆုံးမှု များပြားစေသည့် အစ္စရေး၏ စစ်စည်းကမ်းများကို ဝေဖန်ခဲ့ပြီး လက်ဘနွန်တောင်ပိုင်း ဟစ်ဇ်ဘိုလာများနှင့် စစ်ပွဲတွင် ထိန်းသိမ်းလုပ်ဆောင်ရန် သတိ ပေးခဲ့သည်။
ထရမ်ပ်က “လူတွေ အများကြီး သေဆုံးခဲ့ပြီးပြီ။ ခင်ဗျားတို့ လူတစ်ယောက်ကို ရှာတိုင်း ရှာတိုင်း အထပ်မြင့်လူနေအဆောက် အအုံတစ်ခုလုံးကို ဖြိုချပစ်ဖို့ မလိုပါဘူး။ အဲဒီထဲမှာရှိတဲ့လူတွေ အားလုံးဟာ ဟစ်ဇ်ဘိုလာတွေ မဟုတ်ကြဘူး” ဟု အတိအလင်း ပြောကြားထားသည်။
ထို့ပြင် ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဂျေဒီဗန့်စ်က ယခု MoU စာချုပ်ကြောင့် အမေရိကန်သည် စစ်ပွဲမတိုင်မီကထက် ပိုမိုသာလွန်သော အခြေ အနေကို ရရှိထားကြောင်း၊ စစ်ပွဲကြောင့် အီရန် ၏ နျူကလီး ယားစွမ်းဆောင်ရည်နှင့် သာမန်စစ်အင်အားကို အကြီးအကျယ် နောက်ဆုတ်သွားစေခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
၎င်းက လာမည့်ရက်ပိုင်းအတွင်း စတင်မည့် ရက်ပေါင်း ၆၀ ဆွေးနွေးပွဲများ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အီရန်၏ စစ်အင်အားကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်၍ ဤစစ်ပွဲသည် အမေရိကန်ပြည်သူများနှင့် သမ္မတအတွက် အနိုင်ရရှိမှု (Win) တစ်ခုဖြစ်ကြောင်း ပုံဖော်ခဲ့သည်။
အမေရိကန်-အီရန် ကနဦးသဘောတူညီချက်တွင် အီရန် ၏ လောင်စာဆီလုပ်ငန်းအပေါ် ပိတ်ဆို့မှု ချက်ချင်းကင်း လွတ်ခွင့်ပေးခြင်း၊ ဒေါ်လာ ဘီလီယံ ၃၀၀ တန် ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ ထူထောင်ပေးခြင်းနှင့် အီရန်က ၎င်း၏ သန့်စင်မှုမြင့်မားသော ယူရေနီယံများကို လုပ်ငန်းခွင်အတွင်း၌တင် (on site) သိပ်သည်းဆလျှော့ချရန် ကတိပြုခြင်းတို့ ပါဝင်သည်။
သို့သော်လည်း အစ္စရေးနှင့် အမေရိကန်ရှိ အီရန်အပေါ် တင်းမာသူများ (Iran hawks) အဓိကထားသည့် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် လက်ဝေခံအုပ်စုများအား ပံ့ပိုးနေသည့် ကိစ္စရပ်များကိုမူ MoU တွင် ထည့်သွင်းထားခြင်းမရှိဘဲ ရက် ၆၀ ဆွေးနွေးပွဲကာလအတွင်း ဆက်လက်ဆွေး နွေးရန် ချန်လှပ်ထားခဲ့သည်။
ဗန့်စ်က အီရန်အနေဖြင့် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်မည့် ဒုံးကျည်များ ထုတ်လုပ်ခြင်းကို တားဆီးရန် မျှော်လင့်သော် လည်း၊ အီရန်၏ ပဲ့ထိန်းလက်နက်အစီအစဉ်အားလုံးကို အမြစ်ပြတ်ဖျက်ဆီးပစ်မည်ဟူသော ယခင်ကတိကဝတ်မှ နောက်ဆုတ်ခဲ့ကာ “အစ္စရေးပဲဖြစ်ဖြစ်၊ အီရန်ပဲဖြစ်ဖြစ် နိုင်ငံတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် (Self-defence) လုံးဝမရှိရဘူးလို့ သွားပြောလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN